မြို့ပြအလုပ်သမ
🔧🔧🔧🔧🔧
ည ၉ နာရီထိုးချေပြီ။ကျွန်တော်စောင့်နေသော ဓါတ်တိုင်အောက်မှာတော့ ပုရစ် အော်သံနှင့် ပိုးကောင်လေးများသာ ပျံဝဲနေသည်။နှင်းငွေ့မြူနှင်းလွှာတစ်ချို့က ပတ် ၀န်းကျင်ကို သိုင်းခြုံစွာတည်၏။ထိုမှတစ်ပါး အရာအားလုံး တိတ်ဆိတ်ငြိမ်သက် နေ သော်လည်း သူ့အလာကို စောင့်နေရသူ ကျွန်တော့်နှလုံးသားများကတော့ တဒိန်း ဒိန်းလှုတ်ရှားရုန်းကန်နေသည်။
ယခုည သူနောက်ကျနေသည်။သူထွက်လာမည့် စက်ရုံဂိတ်ပေါက်ကိုသာ အာရုံစိုက်ပြီး ကြည့်နေရသည်။ဘယ်အချိန်မှများထွက်လာမလဲ။မျှော်တလင့်လင့် ဖြစ်ရသည်။ထို့ကြောင့်ပိုရင်ခုန်ရသည်။
စက်ရုံဝန်းတံခါးကြီး၏ လူတစ်ကိုယ်စာ တံခါးပေါက်ကလေး ပွင့်သွား၏။ စက်ရုံ အလုပ်သမ အချို့ထွက်လာကြသည်။သူကတော့ပါမလာ။
သူနှင့်ရင်းနှီးမည်ထင်ရသော မိန်းကလေးတစ်ဦးကိုတွေ့၍ မေးကြည့်သည်။ သူ့ကို သိပ်သတိမထားမိ၍ မတွေ့ဟုဆိုသည်။ထွက်လာသမျှ စက်ရုံထဲမှာ လူကုန် သလောက်ရှိတော့မည်။အတန်ကြာမှ တစ်ဦးစ နှစ်ဦးစသာ ထွက်လာတော့သည်။
ထိန်ဝင်းနေသောလသည် တဖြည်းဖြည်းအာကာယံထက်သို့  တက်နေချေပြီ။ လက်မှနာရီကို ကြည့်သည်။ည ၁၀ နာရီထိုးရန် မိနစ် အနည်းငယ်သာလိုပေသည်။
“ကျွီ”
တံခါးပေါက်ကလေး ထပ်ပွင့်သွားသည်။ထမင်းချိုင့်ကလေး လက်ဆွဲ၍ သူ ထွက်လာသည်။အပြေးလေးလှမ်း၍ သူ့အနားသွားလိုက်၏။
“နောက်ကျလိုက်တာ မြူနှင်းရယ်၊အလုပ်တွေများနေလို့လားဟင်”
ကျွန်တော့်အမေးကို သူ မဖြေနိုင်။လမ်းမကြီးကိုသာ ငေးစိုက်ပြီး ကြည့်နေသည်။ နောက်တစ်ကြိမ် ပုခုံးစွန်းကို ကိုင်ပြီးမေးပါမှ သူပြန်ဖြေသည်။
“သြော် ကိုလာကြိုတာလား”
“ဟုတ်တယ်လေ နေ့တိုင်းလာကြိုနေကျပဲလေ၊အထူးအဆန်းလုပ်လို့ မျြူနှင်း ရယ်”
“ဟို ဟို အဲလိုပြောတာမဟုတ် မဟုတ်ဘူး၊ကိုက ခုမှရောက်လာတော့ လာမ ကြိုတော့ဘူး ထင်သွားတာ၊ခုမှ ရုတ်တရက်တွေ့တော့……”
“ဟော မြူနှင်းကလည်း ကို ည ၉ နာရီမထိုးခင်ကတည်းက ရောက်နေတာ ပါကွာ၊ဒီနေ့ ဘယ်လိုဖြစ်တာလဲ မြူနှင်းကြည့်ရတာ ပင်ပန်းနေပုံပဲ၊ပတ်ဝန်းကျင်ကို တောင် သတိမထားနိုင်ဘူးဖြစ်နေတယ်”
စိုးရိမ်တကြီး စကားများစွာပြောလိုက်သော်လည်း သူသည် မည်သို့မျှ တုန့်ပြန်ပြောကြားခြင်းမရှိဘဲ ကျွန်တော့်လက်ကိုဆွဲ၍ လမ်းလျောက်သွားသည်။ ထမင်းချိုင့်ကို ကျန်လက်တစ်ဖက်ဖြင့် လှမ်းယူ၍ ဆွဲကိုင်ပေးလိုက်ရင်း အလိုက်သင့် လိုက်ပါခဲ့သည်။
အလုပ်မှာ တစ်ခုခု အဆင်မပြေခဲ့ပုံပေါ်သည်။သို့သော် ယင်းကိစ္စကိုမေးရန် စကားစရှာမရသဖြင့် တိတ်ဆိတ်နေမိသည်။
“ဒီအချိန်မှတော့ ဘက်(စ်)ကားလည်းရှိတော့မှာ မဟုတ်ဘူး၊ကိုတို့ လမ်း လျောက်ပြီးပဲပြန်ကြတာပေါ့”
“ဟုတ်ကဲ့ ကို”
သူ့စကားက ပြတ်တောင်းသည်။စကားများများပြောချင်ပုံ မရချေ။သို့ဖြစ်၍ အကြောင်းမဲ့ စကားများနေရန် ကျွန်တော် မကြိုးစားတော့ချေ။
ထိုအခိုက် လမ်းမီးများက အမှောင်ကျသွား၏။အဝေးမှ လူနေအိမ်များ လည်းအလင်းမဲ့သွားသည်။အလှည့်ကျမီးပေးစနစ်၏ လုပ်ဆောင်ချက်တစ်ခုဟု နား လည်လိုက်သည်။ကျွန်တော်တို့အတွက်တော့ သိပ်မထူးချေ။ဆင်ခြေဖုံးရပ်ကွက်နား နီးလာလေ လမ်းမီးများ မရှိလေပင်ဖြစ်ရာ ထိန်ထိန်သာနေသော လရောင်ကိုသာ အားပြုပြီး ဆက်လျောက်ခဲ့ကြ၏။
အဆောင်နားသို့ နီးလာမှ သူစကားပြောစသည်။
“မနက်ဖြန် မြူနှင်းတို့ နှစ်ယောက်လုံး OFF ရက်မဟုတ်လား၊အောင်ဇေယျ တံတားပေါ် မနက် ၆ နာရီလောက် တက်လာခဲ့လေ၊ တံတားအလယ်မှာ မြူနှင်း စောင့်နေမယ်နော်”
ကျွန်တော့်လက်ထဲမှ ထမင်းချိုင့်ကို သူပြန်ယူလိုက်သည်။သူ့အခန်းရှိရာသို့ တက်သွားသည်ကို ရပ်ကြည့်ချင်သော်လည်း
“သွားတော့လေ ကို၊ည နက်နေပြီ”
ဟုဆိုနေသဖြင့် ဦးစွာလှည့်ထွက်ခဲ့ သည်။ ကျွန်တော့် ကျောပြင်ကိုများ သူ ရပ်ကြည့်နေမလား။ခပ်ဝေးဝေးရောက်မှ နောက်ပြန်ကြည့်လျှင် အဆောင်အပေါ်ထပ် ၀ရံတာမှ ထင်သည့်အတိုင်း ရပ်ကြည့် နေသောသူ့ကို တွေ့၏။အဝေးကမြင်ရမှ သူ့မျက်ဝန်းများ လရောင်ဖြင့်အရောင် ပိုလက်နေသည်။မျက်ရည်စများပဲ ကပ်ညှိနေခြင်းလား။မဖြစ်တန်ပါဘူးဟု တွေးမိ သည်။မြူနှင်းသည် လွယ်လွယ်ဖြင့် မျက်ရည်မကျတတ်သော မိန်းကလေးမျိုးပင် ဖြစ်ကြောင်း ကောင်းကောင်းသိပါသည်။အကယ်၍ ငိုလောက်စရာအဖြစ်မျိုး ရှိခဲ့ လျှင်လည်း ကျွန်တော့် ပုခုံးထက်မှလွဲ၍လွဲ၍ သူ့ထံတွင် မှီခိုစရာမရှိချေ။
သာမန်ထက်အေးစက်နေခဲ့သော ထိုနေ့ညနှင့် ကျွန်တော်တို့၏ ဆက်ဆံရေး မှာ မနက်ဖြန်နေထွက်လာလျှင်မူ နွေးထွေးသွားလိမ့်မည်ဟု မျှော်လင့်ရ ချေသည်။
မြူနှင်းကို ကျွန်တော်စသိသည်မှာ ကြာပြီဖြစ်သော်လည်း ချစ်သူသက်တမ်း ၁ နှစ်ကျော်ရုံသာရှိသေးသည်။
နယ်မှ တက်လာခါစ မြူနှင်းတို့ သားအမိမှာ အမေတစ်ခု သမီးတစ်ခုဖြင့် ဘ၀ကို ခက်ခဲစွာကျော်ဖြတ်ရသည်။ရန်ကုန်တွင် အခြေချစရာအိမ်ငှါးနေနိုင်ရုံဖြင့် ကျွန်တော်တို့ရပ်ကွက်ထဲ သူရောက်လာ၏။
ထိုအချိန်မှစ၍ သူနှင့်ရင်းနှီးခွင့်ရသည်။ဆင်းရဲသားခြင်း ကူညီရင်းအစ သူ့ အပေါ်တွင် သံယောဇဉ်အစစ်အမှန် ဖြစ်မိသည်။သူကလည်း ခေတ်မိန်းကလေး များလို မဟုတ်ဘဲ တစ်မူထူးခြားသည်။ဘ၀ကို လက်တွေ့ကျကျ ဖြတ်သန်းနေရသူ ဖြစ်သဖြင့် စိတ်ကူးယဉ်အချစ်ကို ဦးစားမပေး။ခုမြင်၊ခုကြိုက်၊ခုယူခေတ်ကြီးထဲတွင် သူက ကျွန်တော်ကို အချိန်ယူလေ့လာသည်။ပြီးမှ သူဆုံးဖြတ်သည်။ဘ၀အတွက် အချစ်သာမက အရာရာယုံကြည်စိတ်ချရမည်ထင်၍သာရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ထိုအချက်နှင့်ပတ်သက်၍ သူခဏခဏပြောတတ်သည်။
“ကို့လို ယောကျာ်းမျိုးကို ချစ်သူတော်ခွင့်တာ မြူနှင်း သိပ်ကျေနပ်တာပဲသိ လား၊အဲဒီအတွက် မြူနှင်းဘက်က ပြန်ပေးနိုင်တာဆိုလို့ သစ္စတရားပဲရှိတယ်၊ကို့ အပေါ် မြူနှင်း အသက်နဲ့လဲပြီး သစ္စာရှိပါမယ် သိလား”
“မယုံပါဘူး လက်တွေ့ပြ”
“ဟာ တကယ်ပါ ဘယ်လိုလက်တွေ့ပြရမလဲ”
“ကဲ ကိုယ့်နဖူးလေးလေးကို နမ်းပြ”
“ဟာ…….”
သူရှက်သွားပြီး ကျွန်တော့်ရင်ခွင်ကို လက်ကလေးနှင့်ထုပါသည်။ အတော် နာ လှသည်။ထိုမှ ကျောပြင်ကိုပါ ဆက်ထုသည်။အောင့်ခနဲ ဖြစ်သွားရသည်။ထုရိုက်သံ ကလည်း ပို၍ ကျယ်လာ၏။
“ဘုန်း-ဘုန်း”
“အား- ကျွတ် ကျွတ်”
မျက်လုံးဖွင့်ကြည့်မှ ကျွန်တော် အစ်ကိုဖြစ်နေသည်။
“ဟေ့ကောင် ထတော့လေကွာ၊မင်း နှိုးခိုင်းထားပြီး ပြူးကြောင်ကြောင် ကြည့် မနေနဲ့၊မင်းကောင်မလေးနဲ့ ချိန်းထားလို့ဆို”
သြော် ဟုတ်ပေသား။မြူနှင်းအကြောင်း စဉ်းစားရင်း အိပ်ပျော်သွားရာမှ အိပ်မက်မက်နေခဲ့ခြင်းဖြစ်သည်။ဤသည်ကိုပင် အစ်ကိုက နှိုးမရသဖြင့် ကျောပြင်ကို ဗျောအသွင်တီး၍ နှိုးနေခြင်းပါတကား။
အိပ်ယာမှထ၍ ချစ်သူနှင့်တွေ့ဆုံရန်ပြင်ဆင်ပြီး အောင်ဇေယျတံတားပေါ် တက်ခဲ့လေသည်။တံတားအလယ်လောက်တွင် လူများရုံးစုရုံးစု ဖြစ်နေကြသည်။
နှလုံးသားတွင်စပ်ဖျင်းဖျင်းဖြစ်သွား၏။လူကြားထဲတိုးဝေ့၍ကြည့်လိုက်သည်။မြူနှင်း၏ဖိနပ်ကလေးချွတ်ထားသည်ကိုတွေ့ရပြီး အုတ်နီခဲလေးတစ်လုံးအောက်တွင် ဗလာ စာရွက်လေးတစ်ရွက်ကို ညပ်ထားလေသည်။ဝိုင်းကြည့်နေသောသူများကို မည်သည့် စကားမှမမေးနိုင်ဘဲ ယင်းစာရွက်လေးကိုကောက်ယူ ဖတ်ကြည့်လိုက်တော့သည်။
“ခွင့်လွှတ်ပါကို မြူနှင်းနဲ့ကို မထိုက်တန်တော့ပါဘူး၊အမေ့နောက်ကိုလိုက် သွားရလို့ ခွင့်လွှတ်ပေးပါ”
စာကိုဖတ်ပြီးပြီးချင်း မည်သို့ဖြစ်ပျက်သွားသည်ကို ကောင်းစွာသဘောပေါက် တော့သည်။တံတားလက်ရမ်းကိုကျော်၍ မြစ်ထဲသို့လှမ်းကြည့်လိုက်သည်။မျက်ရည် များစွာစီးကျနေချေပြီ။သူ့နောက်လိုက်ရန်ဆုံးဖြတ်လိုက်သည်။ခုန်ချရန်ပြင်လျှင်ဝိုင်း ကြည့်နေသူများက ရုတ်တရက်ထဆွဲကြသည်။
မြူနှင်းစိတ်ထဲတွင် မည်သို့ခံစားနေရသည်ကို မသိဘဲ တစ်ညလုံးနေခဲ့မိသည့် ကိုယ့်ကိုယ်ကိုနောင်တရ၍မဆုံးချေ။
ဝိုင်းဆွဲထားသောလူများကြားထဲမှ တံတားအောက်သို့ အမောတကော ပြေး ဆင်းသွားလိုက်သည်။တံငါသည်များဆည်ယူထားသည့် အသက်မဲ့နေသောမြူနှင်း၏ ခန္ဓာကိုယ်က ဆီးကြိုနေသည်။
မင်းမရှိတော့သည့် ငါ့ဘ၀ကြီးမှာ ဘယ်လိုရှင်သန်ရမလဲ၊မြူနှင်းကိုပွေ့ဖက်ရင်း ပြင်းထန်စွာငိုကြွေးနေမိတော့သည်။မြူနှင်းအတွက် အမှန်တရားကိုဆက်လက်ရှာဖွေ ရပေဦးမည်။ ။
✒✒✒ပေါက်လောက်✒✒✒