နိမ့်သော အရပ် (၀တ္ထုတို) - Zezawar-Sarpay

Breaking

Friday, 1 February 2019

နိမ့်သော အရပ် (၀တ္ထုတို)




နိမ့်သော အရပ်
+++++++++++

" ဖိုးစီ သား ဘာမှမကြောက်နဲ့နော် ဘယ်သူ့မျက်နှာမှလည်း မကြည့်နဲ့ ပြော
သားသိထားတာ မြင်ထားတာကို အမှန်အတိုင်းပြော သား "

" ဟုတ်တယ် ဖိုးစီ အမှန်အတိုင်းပြော သား
ဘာမှမကြောက်နဲ့ ဒါ ကြောက်စရာ မဟုတ်ဘူး"

" ဇော် " ဆိုင်ကယ်ဝပ်ရှော့ပိုင်ရှင် အန်တီစန်းနှင့်ဦးလေးကျော်စွာတို့က မကြောက်ဖို့အားပေးနေ၏။ သို့သော်လည်း ပြောဖို့ပြင်ပြီး ပါးစပ်ဟလိုက်တိုင်း လည်ချောင်းဝမှာတင် စကားလုံးများက ပျောက်ရှကုန်သည်။ အားလုံး၏ အကြည့်များက သူ့ထံတွင် တစ်စုတဝေးရှိနေ၏။ နောက်ပြီး ဘေးမှာ တရှုံ့ရှုံ့ငိုနေသည့် မမမျိုးလည်း ရှိသည်။ မမမျိုးကို တစ်ချက်ကြည့်လိုက်၏။ သူဖြေမည့် အဖြေကို မမမျိုးလည်း မျှော်လင့်နေပုံပင်။ ရှိုက်ငိုနေရာမှ မော့ကြည့်နေသည်။ မမမျိုးကို ကြည့်ပြီး ရင်ထဲ အဆမတန်နာလာ၏။ မဖြေချင်ဘူး။ မဖြေနိုင်ဘူး။ အန်တီစန်းနှင့် ဦးကျော်စွာက အလုပ်ရှင်များ ဖြစ်ကြသကဲ့သို့။ မမမျိုးကလည်း ကျေးဇူးရှင်။ ထိုသို့ ကျေးဇူးရှင်အချင်းချင်း ဖြစ်ကြသည့် ပြဿနာကြားမှာ တစ်ဖက်ကို ထိခိုက်နစ်နာစေမည့် စကားကို မည်သို့သော အင်အားနှင့် ပြောရမည်နည်း။

"အသွားမတော် တစ်လှမ်းတဲ့ ဟိုရောက်ရင်
သွားတာလာတာ နေတာထိုင်တာ အားလုံး
ဂရုစိုက်နော် ငါ့တူ "

ဦးလေးမှာလိုက်သော စကားကို ပြန်ကြားယောင်မိသည့် အခိုက် ဦးလေးပြောသည်က မှန်ပါလားဟု တွေးမိသည်။ ထိုအချိန်က ဦးလေးစကား နားထောင်ပြီး မည်သည့်နေရာမှ မသွားဘဲ
နေခဲ့လျှင် ခုလိုစိတ်ရှုပ်စရာကိစ္စများကြား တွင် ၀င်ပါနေရမှာ မဟုတ်။

" သား ဖိုးစီ ပြောလေသား ဘယ်သူ့ကိုမှ
မကြောက်နဲ့ ရဲရဲတင်းတင်းပြော "

" ဟုတ်တယ်သား မင်းသိထား မြင်ထားတာကို ရဲရဲသာပြော ဘာမှမကြောက်နဲ့ "

အန်တီစန်းနှင့်ဦးကျော်စွာထံမှ ဒုတိယအကြိမ် အားပေးသံအဆုံးမှာ နှုတ်ကစကားအချို့ကို ထွက်ကျနိုင်ဖို့ ကြိုးစားမိသည်။ သို့သော်လည်း လည်ချောင်းဝမှာတင် ထပ်ပျောက်သွား ပြန်၏။

***************

" ဖိုးစီရေ ခဏလာဦးဟေ့ "

ဦးကျော်စွာ၏ခေါ်သံကြောင့် လက်ထဲကိုင်
ထားသည့်ရေပိုက်လေး အသာချပြီး အပြေးသွားလိုက်သည်။ ဤဆိုင်ကယ်ကို ခုညနေ အပြီးကိုင်မှာဟု ၀ပ်ရှော့ဆရာက
ပြောထား၏။ သို့သော်လည်း ဦးကျော်စွာက ခေါ်နေသည်မို့ ရေဆေးခြင်းကို ခေတ္တခဏ
ရပ်ပြီး ဦးကျော်စွာအနားပဲ ပြေးရသည်။

" ရော့ ငါ့ကို စမွတ်တစ်လုံးဝယ်ပေး "

" ဟုတ်​ကဲ့ ဟို ကျွန်တော် ဆိုင်ကယ်ရေဆေး "

" ရတယ် ထားခဲ့ ငါတခြား တစ်ယောက်ကိုခိုင်းလိုက်မယ် မင်းက
ခု ငါခိုင်းတာပဲ လုပ် သွားတော့ "

" ဟုတ်​ကဲ့ဗျ "

သွားတော့ဟု ပြောလိုက်သည့်စကားမှာ
ကြိမ်နှင့် ရိုက်လိုက်သည့်အတိုင်း။ သူ့
ခြေလှမ်းများ အပြေးတစ်ပိုင်းပင် ဖြစ်၍သွား၏။ ဤနေ့ အန်တီစန်းက အမျိုးများထံသို့ အလည်သွားသည်။ ထို့ကြောင့် ဦးကျော်စွာက ကြောင်မရှိ၍ သောင်းကျန်းသည့် ကြွက်ကဲ့သို့ ထင်တိုင်းကြဲရန် ပြင်နေပုံပင်။ အန်တီစန်း အိမ်မှာရှိချိန်ဆို အရက်သောက် မပြောနှင့်။ ဆေးလိပ်ပင် သောက်ခွင့်မရှိ။ ထို့ကြောင့်လည်း ဦးကျော်စွာက အန်တီစန်းခရီးသွားပါစေဟု
အမြဲတစေ ဆုတောင်းနေလေ့ရှိသည်။ ဤနေ့သည် ဦးကျော်စွာ၏ဆုတောင်းများ ပြည့်သည့်နေ့ဟု ဆိုရပေမည်။

" ဟယ် ဖိုးစီ လောလောလောလောနဲ့ ဘယ်လဲ "

" ဟာ မမမျိုး ဟုတ်တယ်ဗျာ ဦးကျော်စွာ
အရက်ဝယ်ခိုင်းလို့ လောနေတာ သိတယ်မလား သူက ခိုင်းလိုက်ရင် မြန်နေမှကြိုက်တာ ဒါနဲ့ မမမျိုးက ဈေးပြန်တာနောက်ကျတယ်ရော "

" အေး ဟုတ်တယ် ငါလည်း အန်တီစန်း
သူ့အမျိုးတွေဆီကို လက်ဆောင်ဝယ်နေတာ
နဲ့ကြာသွားတာ "

" ဒါဆို အန်တီစန်းက အမျိုးတွေဆီတစ်ကယ် သွားလည်တာပေါ့ "

" အေးလေ ဘာလို့လဲ"

" ဘာမှမဟုတ်ပါဘူး ဦးကျော်စွာ အပီအပြင်သောင်းကျန်းတော့မှာ မြင်မိလို့
ကဲ မမမျိုးလည်း နောက်ကျနေပြီပြန်တော့
လေ ကျွန်တော်လည်း အရက်ဝယ်ဖို့ အမြန်ပြေးလိုက်ဦးမယ် "

မမမျိုးကို နှုတ်ဆက်ပြီးပြီးချင်း ဆိုင်ကယ်စက်နှိုးကာ အရက်ဆိုင်ကို အမြန် သွားလိုက်သည်။ တစ်ခါတရံ အန်တီစန်းက အမျိုးများထံအလည်သွားမည်ဟုပြောကာ အိမ်က ထွက်သွားပြီးလျှင် တိတ်တိတ်လေး ပြန်ရောက်လာတတ်သည်။ အကြောင်းအရင်းက ဦးကျော်စွာကို အငိုက်ဖမ်းခြင်းပင်။ ခုနေ့တော့ အန်တီစန်း တစ်ကယ်သွားသည်မှာ သေချာ သလောက်ဖြစ်ပြီ။ ဦးကျော်စွာကလည်း အရက်နှင့် ဇိမ်ယူရန် ပြင်ဆင်နေပြီ။ ဤတိုင်းဆို ခုည သူ လုံးဝလွတ်လပ်ရေးရ
တော့မည်။ မြို့သို့ ရောက်နေသည်မှာ လအတော် ကြာပြီဖြစ်သော်လည်း ခုထိ ညဘက်အပြင် မထွက်ဖူးခဲ့ပေ။ ဤညတော့ ရလာသည့် အခွင့်အရေးကို အကျိုးရှိရှိ အသုံးချရမည်။ အတွေးနှင့်ပင် အတော်လေး ပျော်ရွှင်ဖို့ ကောင်းနေပြီ။ တစ်ကယ့်လက်တွေ့
သာဆို မည်မျှပျော်ရွှင်ဖွယ်ကောင်းမည်နည်း။

*****************

ဝန်းသိုမြို့၏ညအလှက ကားသံ၊ ဆိုင်ကယ်သံများနှင့် တ၀ီဝီ။ ဟိုတစ်စု၊ သည်တစ်စုရောင်းနေကြသည့် ဈေးသည်များကလည်း အစီအရီ။ မြို့လယ်ခေါင်မှာ ဓားကိုင်ပြီး ရပ်နေသည့် စော်ဘွားဦးအောင်မြတ်ရုပ်ထု ကြီးမှာလည်း မီးရောင်များနှင့် ထိန်ထိန်လင်း။ ယခင်က ၀န်းသိုကို အကြောင်းကိစ္စ တစ်ခုခုရှိတိုင်း ရောက်ဖြစ်သော်လည်း ခုလို ညဘက်ကိုဖြင့် မရောက်ဖူးပေ ။ ထို့ကြောင့် ခုည ၀န်းသိုမြို့အနှံ့ လျှောက်သွားရန် စိတ်ကူးထားသည်။ ကြိုးတံတားနှင့် မောင်းကော်ချောင်းဘက်လည်း သွားမည်။
မြို့ဦးက ကျောက်တိုင်ဘုရားဆီလည်း သွားမည်။ ကျောက်တိုင်ဘုရားမှတစ်ဆင့် ၀န်းသိုမြို့၏ညရှုခင်းကို ကြည့်ရသည်မှာ
အလွန်သာယာသည်ဟု ကြားဖူးသည်။ တစ်ခါတရံ အပြင်ရောက်သည့်အခိုက်လည်း
အခိုက်၊ ဆိုင်ကယ်လည်း စီးခွင့်ရနေသည့်
အခါ နေရာအနှံ့သွားရမည်။ ပြီးလျှင် ရွာပြန်သည့်အခါ ၀န်းသို၏ညအလှများ
အကြောင်း မမြင်ဖူးသည့်ရွာကလူများကို ပြန်လည်ပြောပြရမည်။ သို့သော် ခုလိုညကြီး သူ အပြင်ရောက်နေသည်ကို ဦးလေးသိလျှင် စိတ်ဆိုးလိမ့်မည်။

" ဖိုးစီ မြန်မြန်ပြန်ခဲ့နော် အကြာကြီး
လုပ်မနေနဲ့ ငါတစ်ယောက်တည်း ဦးကျော်စွာနဲ့မနေရဲဘူး "

မမမျိုးကို ဒီနားလက်ဖက်ရည်ဆိုင်တင်
ခနဆိုပြီး ညာထွက်ခဲ့၏။အိမ်မှာ မမမျိုးနှင့် ဦးကျော်စွာပဲ ကျန်ရစ်သည်။ ခါတိုင်းဆိုလျှင် အန်တီစန်းနှင့် ဦးကျော်စွာတို့ လင်မယား ပြီးလျှင် သူနှင့်မမမျိုး လေးယောက်ရှိ၏။ ခုည အန်တီစန်းကလည်း မရှိ။ သူလည်း အပြင်ရောက်နေခဲ့သည်။ ခုချိန်ဆိုလျှင် အိမ်မှာ အရက်မူးနေမည့် ဦးကျော်စွာနှင့် မအူမလည်မမမျိုးတို့ မည်သို့ နေကြမည်နည်း။ ထိုသို့ တွေးလိုက်မိသည်
နှင့်တပြိုင်နက် အသိတရားတစ်ခုက စိတ်ကို လာပုတ်နိုးခဲ့သည်။ ဆိုင်ကယ်ကိုလည်း အိမ်ရှိရာဘက်သို့ ပြန်လှည့်ခဲ့၏။

" ဖိုးစီ မြန်မြန်ပြန်ခဲ့နော် "

မမမျိုးမှာလိုက်သော စကားကို ပြန်ကြား ယောင်မိသည့်အခိုက် ခြေလှမ်းများက မြန်သထက်မြန်လာသည်။ ဦးကျော်စွာက
ထိုကဲ့သို့ လူစားမဟုတ်သော်လည်း အများအမြင်မှာ ညအချိန် မမမျိုးနှင့်အတူရှိနေသည်က မသင့်တော်ပေ။ နောက်ပြီး တစ်ရွာတည်းသားချင်း မမမျိုးကို စောင့်ရှောက်ရမည့် တာဝန်က သူ့ပခုံးထက်မှာ အပြည့်။

***************

" ဟင် မမမျိုး မမမျိုးမလား "

" အေး ဟုတ်တယ် နင်ဖိုးစီမို့လား ကြည့်စမ်းဟယ် ထွားလာလိုက်တာ ငါဖြင့်
မှတ်တောင်မမှတ်မိဘူး "

" ဟာ မမမျိုးကလည်း လူကို မနေတတ်အောင် လာမြှောက်နေပြန်ပြီ
ဒါနဲ့ မမကရွာကိုအလည်ပြန်လာတာလား"

" အေး ငါအလည်ပြန်လာရင်းနဲ့ ငါအလုပ်လုပ်တဲ့ဆီက လူရှာခိုင်းလို့"

" ဟာ ဟုတ်လား ဒါဆို ၀န်းသိုမှာလုပ်ရမှာ
ပေါ့ ဘာအလုပ်လဲ မမမျိုး"

" ဆိုင်ကယ် ၀ပ်ရှော့မှာ လုပ်ရမှာ "

" ဆယ်တန်းမအောင်တဲ့လူရော လုပ်လို့ရလား မမမျိုး "

" ရတာပေါ့ ဆိုင်ကယ်ဝပ်ရှော့မှာ အလုပ်လုပ်ဖို့
ဆယ်တန်းအောင်ဖို့မလိုပါဘူး ဖိုးစီရယ် "

" အရင်ကတော့ ဟုတ်တာပေါ့ မမမျိုးရဲ့ ခုခေတ်က ဘာအလုပ်နေနေ ဆယ်တန်းအောင်မှ လူတွေက ခေါ်ချင်ကြတာဗျ ဘာပဲဖြစ်ဖြစ် ဆယ်တန်းမအောင်လည်း ဖြစ်တယ်ဆိုရင်
ကျွန်တော်လိုက်မယ်ဗျာ "

ထိုသို့ဖြင့် မမမျိုးနှင့်အတူဝန်းသို
ကို အလုပ်လိုက်လုပ်ဖို့ ဖြစ်လာသည်။ အစပိုင်း၌ ဦးလေးက မထည့်ချင်ဘဲ ရှိနေ၏။ နောက်မှ မမမျိုးပြောပေး၍ မှာစရာရှိသည်တို့ကို တဖွဖွမှာပြီး ထည့်လိုက်သည်။ ရွာမှာဆို ကျွဲကျောင်း တစ်လုပ်ကလွဲပြီး မည်သည့်အလုပ်မှမရှိ။ မြို့မှာကျ အစစအရာရာ မျက်စိပွင့်နားပွင့်ပြီး ကိုယ်စူးစမ်းရင် စူးစမ်းသလောက် ကိုယ့်အတွက် အခွင့်အလမ်းများသည်။
နောက်ပြီး ဆိုင်ကယ်လည်း ရချင်တာကြောင့် တစ်ဦးတည်းရှိသော ဦးလေးကို စွန့်ခွာ၍ မမမျိုးနောက်သို့
သူ လိုက်ခဲ့ခြင်းပင်။ မိဘများ တိမ်းပါးသွားကတည်းက ဦးလေးက ခေါ်ယူစောင့်ရှောက်ခဲ့သည်။ တစ်ဦးတည်း
သော တူမို့လည်း အစစအရာရာ စိတ်မချနိုင်ပုံပင်။ သွားခါနီးအချိန် အထိပင် တဖွဖွမှာ၍ မပြီးဆုံးနိုင်။

ဝန်းသိုရောက် သည်ဆိုလျှင်ပဲ ၀ပ်ရှော့မှာ တောက်တိုမယ်ရ ဟိုဟာကူလုပ်၊ သည်ဟာကူလုပ်နှင့် သန့်ရှင်းရေးအပိုင်းကို တာဝန်ယူရသည်။ ထို့အပြင် အန်တီစန်း ခိုင်းသည့် အလုပ်ကိုလည်းလုပ်။ ဦးကျော်စွာ ခိုင်းသည့် အလုပ်ဆိုလျှင်လည်းလုပ်။ နောက်ဆုံးမမမျိုး ခိုင်းခဲ့လျှင်ပင် သူ လုပ်ပေးရ၏။ ထိုသို့ဆိုပြန်လျှင်လည်း မမမျိုးက ညှာတတ်သည်။ တော်ရုံ
အလုပ်နှင့်တော့ ခိုင်းလေ့မရှိ။ ထို့ကြောင့်လည်း သူက မမမျိုး ခိုင်းသည့် အလုပ်ဆိုလျှင် ဖင်ပေါ့သည်။

သီတင်းကျွတ်ရောက်လျှင် သူနှင့် မမမျိုး ရွာအတူပြန်မည်ဟု တိုင်ပင်ထားကြသည်။
သူက အလည်အပတ် ပြန်မည်ဖြစ်သော် လည်း မမမျိုးက ဖခင်နေမကောင်း၍ ပြန်မှာဖြစ်သည်။ မမမျိုးခမြာ ဖခင်က နေမကောင်းတော့ ငွေအတော်လိုနေမှာဟု
စိတ်မကောင်းစွာ တွေးမိ၏။ တွေးမိသည်ဆိုရုံသာ ဖြစ်သော်လည်း မည်သို့မျှ ကူညီမပေးနိုင်။ သူ့လစာကလည်း
ဆိုင်ကယ်ရချင်၍ စုနေသည်လေ။

***************

" ဖိုးစီ သား ပြောလေ သား မိမျိုးကို ဦးလေး
ဘာမှမလုပ်ပါဘူးဆိုတာ မင်း အန်တီစန်းကို ပြောပြလိုက်လေ သား"

ဦးကျော်စွာက သူ့နှုတ်မှစကားလုံးများ
ထွက်ကျလာအောင် လှုံ့ဆော်နေသည်။
ညက သူမြင်ခဲ့သည့် အဖြစ်အပျက်များကို
လူတိုင်းက စိတ်ဝင်စားနေကြ၏။ ဒုတိယအကြိမ် မမမျိုးကို ကြည့်မိပြန်သည်။
ပြီးလျှင် အန်တီစန်းနှင့်ဦးကျော်စွာကို ထပ်ကြည့်လိုက်၏။ ဦးကျော်စွာပုံစံက
သူ့နှုတ်ကထွက်လာမည့် စကားလုံးများကို
မျှော်လင့်နေပါသော်လည်း သွေးပျက်နေ
သယောင်။ လက်များပင် တုန်နေသည်ဟု
ထင်၏။

" ဖိုးစီ မောင်လေး မင်းမြင်ခဲ့တဲ့အတိုင်းပဲ
ပြောပါကွယ် မမမျိုးကို မငဲ့ပါနဲ့ ဖြစ်လာပြီးမှတော့ မမမျိုး ဘာမှမကြောက်
တော့ပါဘူး "

ရှိုက်ငိုနေရာမှ ထိုသို့ဝင်ပြောလာသော
မမမျိုးကြောင့် မျက်လုံးအစုံကိုမှိတ်၍ အားယူလိုက်သည်။ ပြီးလျှင် နှုတ်ခမ်းဝမှ
တစ်လုံးချင်းထွက်ကျလာသော စကားများက သူ့ကိုယ်သူပင်မယုံနိုင်ချေ။

" ဦးကျော်စွာနဲ့ မမမျိုးတို့ကို အခန်းထဲမှာ
ဟို...ဟို.."

" တော်တော့ ရပြီ ဆက်မပြောနဲ့တော့
ဖိုးစီ "

" မိန်းမ မဟုတ်ဘူး မဟုတ်ဘူးနော် ငါ အဲ့ဒီလိုလူစား မဟုတ်ဘူး ဟေ့ကောင် ဖိုးစီ စကားကို ဆုံးအောင်ပြော တန်းလန်းတန်းလန်း မလုပ်နဲ့ မင်းလိမ်နေတာငါသိတယ် မင်းတို့နှစ်ယောက်ပေါင်းပြီး မူးနေတဲ့ ငါ့ကိုသက်သက် ယုတ်မာကြတာ "

" ဘာ ယုတ်မာတာ ဟုတ်လား အေး ယုတ်မာတာက အဲ့ဒီ ကလေးတွေ မဟုတ်ဘူး နင်ဟဲ့နင် လူစိတ်မရှိတဲ့
လူယုတ်မာ ကိုယ့်ကိုအားကိုးပြီးလာနေတဲ့ ကလေးတွေအပေါ်မှ ယုတ်မာချင်တဲ့ လူယုတ်မာ "

" မဟုတ်ဘူး မိန်းမ ငါ မဟုတ်ပါဘူးကွာ"

အနားက ဒေါသနှင့်ထွက်သွားသော အန်တီစန်းနောက်သို့ လိုက်ပါသွားသည့်
ဦးကျော်စွာကို ကြည့်ပြီး စိတ်မကောင်း။
သူလည်း ထိုကဲ့သို့ မပြောချင်ပါ။ သို့သော်
ပြောမှလည်း ဖြစ်မည်။

" ဖိုးစီ နင် ဆိုင်ကယ်ရချင်လား ငါပြောတဲ့အတိုင်း နင်လိုက်ပြောပေးရင် နင်ရချင်တဲ့ဆိုင်ကယ် ငါဝယ်ပေးမယ် "

ထိုသို့ ပြောလိုက်သော မမမျိုး၏စကားသည် အရက်မူးနေသည့်ဦးကျော်စွာကို မမမျိုး အခန်းထဲတွဲခေါ်သွားသည့် မြင်ကွင်းများ ပြီးလျှင် မမမျိုးကိုယ်တိုင် ဦးကျော်စွာ၏ အ၀တ်များကို ချွတ်နေသည့်မြင်ကွင်းများ
အားလုံးကို ကန့်လန့်ကာချလိုက်၏။ နောက်ပြီး ဤကိစ္စကိုလည်း အမျိုးများဆီ အလည်သွားနေသော အန်တီစန်းထံသို့ သူကိုယ်တိုင် သတင်းပေးခဲ့ခြင်းပင်။ ထို့ကြောင့် အန်တီစန်းမနက်လင်းလင်းချင်း
အိမ်ပြန်ရောက်လာခဲ့သည်။

" ဘယ်လိုအကြောင်းအရာကြောင့်ပဲ ဖြစ်ပါစေ လုံးဝမလိမ်မိစေနဲ့ ငါ့တူ လိမ်တယ်ဆိုတာ ကိုယ်ညာလိုက်တဲ့စကား
ကို တစ်ခြားလူက ယုံသွားလို့ ပီတိဖြစ်ပြီး
ပျော်ရွှင်ရတာထက် ကိုယ့်ကိုယ်ကို ဟိုးအောက်ဆုံးက ချောက်နက်နက်ထဲ
ရဲရဲကြီး ခုန်ချလိုက်ရသလိုပဲကွ ဘယ်တော့မှ အပေါ်ကို ပြန်မတက် နိုင်တော့ဘူး အလိမ်သံသရာထဲမှာပဲ သူများကို လိမ်လိုက် ကိုယ့်ကိုယ်ကို ညာလိုက်နဲ့ တ၀ဲလည်လည် နေရတော့
မှာ "

ဦးလေးပြောဖူးသည့် စကားကဲ့သို့ ပင်
သူနှင့်မမမျိုး ချောက်တစ်ခုထဲ ခုန်ချမိခဲ့
လေပြီလား။ ခုန်ချမိခဲ့ပြီ ဆိုလျှင်ပင် ထိုချောက်သည် မြင့်မား မတ်စောက်လွန်းသည့် ချောက်ကမ်းပါး တစ်ခုလေလား။ သို့မဟုတ် အနည်းငယ်သာ နက်သည့် ချောက်တစ်ခု လား။ မည်သို့ပင်ဆိုစေ အပေါ်ကို ပြန်တက်လာခွင့် ရနိုင်မရနိုင်ကိုဖြင့် ရွာပြန်သည့်အခါမှ ဦးလေးကို မေးကြည့်ရ ပေဦးမည်။


ဆူးကြယ်စင်

မြ၀တီမဂ္ဂဇင်း၊
ဇန်န၀ါရီလ၊ ၂၀၁၉။