အရပ်ပျက်မလေး (ယောဟန်အောင်) - Zezawar-Sarpay

Breaking

Wednesday, 6 February 2019

အရပ်ပျက်မလေး (ယောဟန်အောင်)




(၁)

ဒီ ဖြစ်ရပ်အကြောင်းလေးက ကျနော့စိတ်ထဲ စွဲစွဲထင်ထင် ရှိနေတယ်။ တချိန်ချိန်တော့ အကြောင်းသင့်ရင် စာရေးဖြစ်မယ် တေးထားပေမယ့်လည်း မရေးဖြစ်ခဲ့ဘူး။ ဒါပေမယ့် အကြောင်းတိုက်ဆိုင်တော့ အခု စကားဝိုင်းမှာ ဒီဖြစ်ရပ်ကလေးကို ပြန်ပြောပြမိတယ်။

စကားဝိုင်းက မထင်မှတ်ဘဲ စမိကြတယ်။ ဆယ်မီနာ အစည်းအဝေးတခုအပြီး ညစာစားပွဲလုပ်ဖြစ်ကြတယ်။ ချင်းမိုင်မြို့ တောင်ပေါ်မှာရှိတဲ့ စားသောက်ဆိုင်တခုမှာ အစည်းအဝေးကိုပျော်ပျော်ရွှင်ရွှင် ပိတ်ပွဲအနေနဲ့ သွားစားကြတာပဲ။ ဝိုင်ကလေး တခွက် နှစ်ခွက်၊ ဘီယာလေး တခွက်နှစ်ခွက်အသောက်အစားကလေးလည်း ပါသပေါ့။ ထမင်းစားကြ စကားပြောကြရင်း အကြောင်းအရာတည့်သူချင်း လေရှည်ဖြစ်ကြတယ်။

ကျ နော့်မိတ်ဆွေ အမျိုးသမီးက မြန်မာပြည် အဲန်ဂျီအို လောကမှာ အမျိုးသမီး ပရောဂျက်တွေဆိုရင် စိစစ်အကဲဖြတ်ပေးရတာ၊ အကြံပေးရတာတွေ လုပ်ရလေ့ရှိတယ်။ အမျိုးသမီးရေးရာ ကိစ္စတွေဆိုရင်လည်း တက်တက်ကြွကြွ လုပ်နေသူတဦးပါ။ အခုလိုခေတ် နောက်ပိုင်းမှာကလည်း ဘာကိစ္စလုပ်လုပ် ကျား-မတန်းတူရေး ပြောလာသလို၊ (gender streamlining) လို့ခေါ်တဲ့ အမျိုးသမီး-အမျိုးသား တန်းတူရေး ကိစ္စကို ထည့်သွင်းစဉ်းစားဖို့၊ ဘာလုပ်လုပ် နေရာတကာမှာ အမျိုးသမီးတွေအရေးကို နေရာပေးစဉ်းစားဖို့ ဆိုတာမျိုး ပိုက်ဆံပေးတဲ့ အလှူရှင်တွေကရော တိုက်တွန်းကြ၊ အကောင်အထည်ဖော်သူ အဲန်ဂျီအိုတွေကပါ လိုက်လုပ်ကြရတဲ့ အခြေအနေဖြစ် လာခဲ့တယ်။ ဒီလိုနဲ့ စကားတွေက တောင်ရောက်၊ မြောက်ရောက်၊ အမျိုးသမီးတန်းတူအခွင့်အရေး ကိစ္စတွေပါသလို၊ မြန်မာ့ လူမှုအဖွဲ့ အစည်းအပေါ် ဘယ်လိုမြင်ကြသလဲ စသဖြင့် ရှည်ရှည်ဝေးဝေး ပြောဆိုဖြစ်ကြတယ်။

ရာ သီဥတုကလည်း သီတင်းကျွတ်ပြီးစ မိုးအကုန် ဆောင်းဝင်လာတယ် ဆိုပေမယ့် ပူနေတုန်းပဲ။ သစ်ရွက်ကြွေ မာခေါက်ခေါက်တွေ မြေပြင်ပေါ် ရှပ်ပြေးနေသံလည်း ကြားနေရတယ်။ အစုအစုလိုက် စကားဝိုင်းတွေ ဖြစ်နေကြတာ ကျနော်တချက် လှည့် ကြည့်မိတယ်။ ကျနော်တို့ ကိုယ်တိုင် အတော်ပြောင်းလဲသွားကြတယ်လို့ သတိထားမိလိုက်တယ်။ တကယ်တော့လည်း သူ့ရေ၊ သူမြေနဲ့ ကြီးပြင်းဖြတ်သန်းမှုအရ ပြောင်းလဲသွားကြတာတော့ မဆန်းလှပါဘူး။ အခုဆိုရင် စဉ်းစားကြည့်လေ .. မြန်မာနိုင်ငံ အရေး ဘယ်လိုကောင်းအောင် လုပ်ကြမလဲ ဆွေးနွေးတာကိုက ထိုင်းနိုင်ငံ၊ ချင်းမိုင်လို နေရာမျိုးမှာ ဖြစ်နေကြရတယ်။ မြန်မာပြည်သူတွေက သူတို့အရေးကို ဒီမှာ ခေါင်းခြောက်ခံ စဉ်းစားပေးနေတာကို သိကြမှာ မဟုတ်သလို၊ ကျေးဇူးတင်ဖို့ဆိုတာ ဝေလာဝေးတော့မယ်။

တခါ အဖွဲ့အစည်းတွေရဲ့ ကြီးပြင်းဖွံ့ဖြိုးပုံကလည်း အနောက်တိုင်းဆန်လာတယ်။ ဂလိုဘယ်လိုက်ဇေးရှင်းပဲ ပြောရမှာပ။ ကျနော်တို့ အဖွဲ့အစည်းတွေက နှစ်ကုန်လို့ မျက်နှာစုံညီ ဆွေးနွေးစရာရှိလာ ရင် retreat လုပ်လာကြတယ်။ အရင်လို နှစ်ပတ်လည် ညီလာခံတွေမဟုတ်။ တောတောင်ရိပ်သာယာတဲ့ ပျော်ပွဲစားဖွယ် အပန်းဖြေဖွယ်ကောင်းတဲ့ အရပ်တခုမှာ နားအေးပါးအေး အနားယူလို့ ဦးဏှောက်မုန်တိုင်းဆင်ကြတယ်။ ရှေ့ဗျူဟာဆွဲကြတယ်။ ရေကူးရင်းလည်း စကားစမြီ တောင်တောင်အီအီ သူ့အကြောင်း ကိုယ့်အကြောင်း ဖလှယ်ကြတာလည်း ပါတာပေါ့။ နောက်တော့ ထမင်းစားပွဲတွေမှာလည်း ၀ိုင်ခွက်လေး တဆဆ၊ ဘီယာခွက်ကလေး တမမနဲ့ သံတမန်ဂိုက် ဖမ်းတတ်လာတယ်။ အခုလည်း ဒီလိုအစည်းအဝေး retreat တခုအပြီးမှာ ဖြစ်လာတဲ့ အလွတ်သဘော စကားဝိုင်းပါ။

လူ တွေက သူသန်ရာ သန်ရာ ပြောနေကြလေရဲ့။ အစားအစာတွေ ကောင်းသလို၊ ဝိုင်ကလေး ဘီယာကလေးကလည်း အာကို သွက်လာစေတယ်။ အခု ဆိုင်က အစားအစာ နာမည်ကြီးသလို လှပတယ်။ မြန်မာပြည်က ဘုရားတန်ဆောင်းတွေ ပုံစံမျိုး ကနုတ်ပန်းခက်တွေ၊ ရွှေပိန်းချတိုင်တွေ၊ ပြသာဒ်တွေနဲ့ တောင်ကုန်းကလေးတခုအပေါ်မှာ ဆောက်ထားတာ။

စား သောက်ဆိုင်ထက် မသိရင် ဘုရားစောင်းတန်းလိုလို၊ ဘုရင့်နန်းတော်လိုလိုနဲ့ ပိုတူနေတယ်။ ဆိုင်ရောက်စမှာ ကျနော်တို့ ပြောဖြစ်ကြသေးတယ်။ မြန်မာပြည်မှာ ဒီဆိုင်လိုမျိုး ဆောက်ခွင့်ရဖို့တောင် ခပ်ခက်ခက်ရယ်လို့ ဆိုမိကြတယ်။ ဒီလိုသာ ဆောက်မယ်ဆိုရင် ခွင့်ပြုချက်ယူလိုက်ကြရမယ့် ဖြစ်ခြင်း။ သာသနာရေးဝန်ကြီးဌာန၊ ယဉ်ကျေးမှုဝန်ကြီးဌာနက စသဖြင့် ခွင့်ပြုချက် ရယူရဖို့တောင် ရှိနိုင်သလို၊ ဆောက်ခွင့်ရဖို့ ဖြစ်ချင်မှတောင် ဖြစ်လိမ့်မယ်။ အခုလို ထိုင်းနိုင်ငံ၊ ချင်းမိုင်မှာတော့ ဒီလိုနေရာမျိုးဟာ နိုင်ငံခြား ခရီးသွားတွေအတွက် အဆန်းတပြား ရင်သပ်ရှုမော ဖြစ်နေစေတော့တယ်။

ချင်း မိုင်ကို ပတ်လည်ဝိုင်းထားတဲ့ တောင်တန်းကြီးပေါ်မှာကလည်း အခုလို လှပတဲ့ တည်းခိုခန်းတွေ၊ အပန်းဖြေစရာ နေရာတွေက အပြည့်ဖြစ်နေတယ်။ ရှမ်းရိုးရာဗိသုကာဟန် (ထိုင်းမှာတော့ လန်းနယဉ်ကျေးမှုဟန်) နဲ့ ခေတ်သစ် ဗိသုကာပညာကို ပေါင်းစပ်လို့ ဆောက်ထားတဲ့ အဆောက်အဦတွေက ပုံစံဒီဇိုင်းအရ၊ အနုပညာအရ အံ့မခန်းရှိလှတယ်။ ထူးခြားတယ်လို့ ဆိုနိုင်တာက ချင်းမိုင်က ခေတ်ပေါ်မြို့ပြ ဖြစ်လာချိန်မှာ၊ တခဏထွက်လိုက်ရင် ရောက်လာတဲ့ တောင်ပေါ်စခန်းတွေက တောရိပ် တောင်ရိပ်၊ သဘာဝဓာတ်ကို ချက်ချင်းရစေတယ်။ မန္တလေးက တခဏထွက်ရင်ရောက်တဲ့ မန္တလေးတောင်မှာက ဘာဖြစ်လို့ သည်လို မဖြစ်ရတာလဲ၊ ကျနော်အဖြေမရှိသလို၊ ကျန်တဲ့သူတွေလည်း အဖြေမရှိကြဘူး။ တကယ်တော့ နိုင်ငံချင်း နယ်နိမိတ်နီးသော်လည်း စဉ်းစားပုံ၊ ယဉ်ကျေးမှု၊ ဖြတ်သန်းပုံက ကွာလာကြတယ်။ ကျနော်တို့ အပါ အ၀င်ပေါ့။

ပြောနေကြရင်း စကားဝိုင်းမှာ ကျနော်က သိချင်တာ စူးစမ်းသူလို ဖြစ်လာခဲ့တယ်။ မြန်မာနိုင်ငံက အမျိုးသမီးတွေက အမှန်တကယ် အခွင့်အရေး ဆုံးရှုံးနေပါသလား။ ဒါမှမဟုတ်ရင် စစ်အစိုးရ ပြောနေသလို မြန်မာအမျိုးသမီးတွေဟာ ထုံးတမ်းစဉ်လာအရကို အခွင့်အရေး အပြည့်အ၀ ရရှိထားကြတဲ့သူတွေလား။ ဒီနေ့ ပြည်ပမှာရှိနေတဲ့ အမျိုးသမီးအဖွဲ့အစည်းတွေကပြောနေကြတာက သိပ်အနောက်တိုင်း ဆန်လွန်းနေသလား။ နိုင်ငံခြားက ပြောနေတာကို ဘာသာပြန် ပုံတူကူး ပြောနေတာမျိုး ဖြစ်နေသလား။ စသဖြင့် မေးခွန်းတွေရှည်နေမိတယ်။

“ဒါကတော့ ဆရာရယ်… လူ့အခွင့်အရေးဆိုတာတောင်မှ မရှိတဲ့ ကျမတို့ နိုင်ငံမှာ အမျိုးသမီးအခွင့်အရေး ဆိုတာလည်း အတူ တူပါပဲ။ ဘယ်မှာ ရှိပါ့မလဲ” လို့ သူက ပြန်ဖြေပါတယ်။ ကျနော်က သူ့ကို လေးစားသမှုနဲ့ ဆရာမလို့ ခေါ်သလို သူက လည်း ကျနော့်ကို ဆရာလို့ ပြန်ခေါ်တယ်။ တက္ကသိုလ်တခုနဲ့ ပူးပေါင်းလုပ်နေတဲ့ ကျနော်တို့ အလုပ်သဘောသဘာဝကြောင့် သည်လိုခေါ်တာလည်း ဖြစ်နိုင်လေရဲ့။ ဆက်ပြောဖြစ်ကြတဲ့ မိုက်ကယ် ကော့မင်း (Michael Kaufman) ရဲ့ ပီ ၇ လုံး (7 Ps) ကိစ္စတွေလည်း ရောက်လာတယ်။ သဘောကတော့ အိမ်တွင်း အကြမ်းဖက်မှုမှာ ယောက်ျားတွေသာယာနေတဲ့ အကြမ်းဖက်မှုက ဘယ်က မြစ်ဖျားခံလာသလဲ စူးစမ်းကြည့်ထားတဲ့ ကိစ္စတွေပါ။

ဖခင်ကြီးစိုးမှုအာဏာ (patriarchy power) လိုမျိုးကနေ အခွင့်ထူးခံလိုစိတ် (previlege)၊ အတိတ်အတွေ့အကြုံ (past experiences) စသဖြင့် ဇာစ်မြစ်တွေကို မိုက်ကယ် ကော့ဖ်မင်း ဆိုသူက ဆန်းစစ်ကြည့်ထားတယ်။ ဒီလိုနဲ့ ကျနော့်စိတ်ထဲ စွဲစွဲထင်ထင်ရှိနေတဲ့ ဖြစ်ရပ်ကလေးကို ပြန်ပြောပြမိတယ်။


(၂)

ကျ နော် နေတဲ့အရပ်က မိန်းကလေးတယောက် အကြောင်းပဲ။
ကျနော်နေတဲ့ အရပ်ရဲ့ ထူးခြားချက်ကိုလည်း ထည့်သွင်းပြောမှ ပို ပြည့်စုံလိမ့်မယ်။ ကျနော်က ထိုင်း-မြန်မာ နယ်စပ်က မြို့ ကလေးတခုမှာ နေတယ်။ အိမ်ထောင်ကျတယ်။ ထိုင်း-မြန်မာနယ်စပ်က ဒေသတွေရဲ့ ဖြစ်တည်ပုံအတိုင်း နေထိုင်ကြတဲ့သူတွေက မြန်မာနိုင်ငံဖက်က တချိန်က ရွှေ့ပြောင်းအခြေချလာတဲ့သူတွေ၊ လတ်တလော အခြေချလာသူတွေ၊ ရေကြည်ရာ မြက်နုရာ ရှာလာကြသူတွေ များတယ်။ ထိုင်းလူမျိုးဆိုတာက အုပ်ချုပ်ရေးအာဏာပိုင်ပိုင်းလောက်ပဲ ရှိတတ်ကြတယ်။ ပြောရရင် ဓလေ့စရိုက်တွေကလည်း ကျနော်တို့ လူမှုအဖွဲ့အစည်းနဲ့ အတော်တူတယ် ပြောရလိမ့်မယ်။ ထိုင်းတီဗွီဇာတ်လမ်း တွေကို စွဲစွဲလမ်းလမ်းကြည့်တာရယ်၊ နောက်ပေါက် ကလေးတွေက ထိုင်းစကားပြော၊ ထိုင်းတယောက်လို နေထိုင်ကြတာရယ် လောက်တော့ ကွာလာကြတယ်။ လမ်းမလျှောက်ချင်ပဲ တနေရာရာဆိုရင် မော်တော်ဆိုင်ကယ်နဲ့ သွားချင်တာ၊ မီး မလာရင် မနေတတ်တာမျိုးတော့ ကွာလာတယ်။

ဒီ မြို့ကလေးမှာ လူတွေက မြန်မာနိုင်ငံမှာလိုပဲ ဟင်းနီနီတွေ ချက်စားကြတယ်။ ပုဆိုး၊ ထမီဝတ်သွားလာကြတယ်။ ချဲတွက်ကြပြီးချဲလောင်းသလို၊ ဘော်လုံးပွဲလည်း အကြီးအကျယ်လောင်းကြတယ်။ ဘုရားအကျယ်ကြီး အော်ပြီး ရှိခိုးကြသူတွေလည်း ရှိတယ်။ ရပ်ရွာသာရေး နာရေးပွဲတွေကလည်း မြန်မာပြည်နဲ့ သိပ်မခြား လှဘူး။ မော်တော်ဆိုင်ကယ်ကို အသံတဝီးဝီး အကျယ်ကြီးဖြစ်အောင် စက်ကိုညှစ်လို့ စီးတတ်တဲ့ လူငယ်တွေလည်း ရှိတယ်။ ရွာအရှေ့နဲ့ အနောက် လူငယ်တွေကလည်း တခါတလေ ရိုက်ပွဲဖြစ်တာတွေ ရှိကြပြန်တယ်။ ဦးဇင်းနဲ့ ရွာက အမျိုးသမီးတဦး သမီးရည်းစား ဖြစ်နေတာကိုလည်း မသိချင်ယောင်ဆောင်ပြီး နေတတ်ကြတဲ့ ရွာသားတွေ လည်း ရှိတယ်။ 

ဒါပေမယ့် သူတို့က မြန်မာနိုင်ငံကနေ ခွဲလာပြီးနေရတဲ့အခါကျတော့ လူမျိုးရေးအစွဲကလည်း သန်လွန်းလှတယ်။ သူတို့ အုပ်စုရဲ့ မျိုးရိုးဇာတိဂုဏ်၊ ယဉ်ကျေးမှု၊ ခေတ်စကားနဲ့ပြောရင်တော့ identity ကို အတတ်နိုင်ဆုံး ထိန်းနေတာလည်း ဖြစ်နိုင်သပေါ့။ ကျနော့်ကိုလည်း တခါတလေ “ဦးဗမာ” လို့ လူမျိုးခွဲလို့ ခေါ်တတ်ကြပြန်တယ်။

နော့် အိုင်ဒင်တီတီ Identity က ဘာဖြစ်ပါသလဲ။ ဒါဟာလည်း ပြောင်းလဲတတ်တဲ့ သဘာဝရှိတာကို ကျနော်တွေ့နေရ ပြန် တယ်။ ကျနော်က မြန်မာနိုင်ငံက ထွက်လာတာကြာပြီ၊ မြန်မာလူမျိုးလို့ ခံယူထားတုန်းပဲ။ တခါတလေ ကျနော်က မြန်မာလို့ ကျယ်ကျယ်လောင်လောင် ခံယူတဲ့အခါ ရှိသလို၊ တခါတလေ မြန်မာတွေကို နှိမ်ချင်လွန်းသူတွေ ရှေ့မှာကျတော့ လည်း ကျနော်နိုင်ငံရေးခိုလှုံခွင့် ယူထားတဲ့ “အမေရိကန်က လာတာ” ဆိုတာမျိုး ပြောပြီး ပြန်ဒိုင်းလွှားကာမိပြန်တယ်။

ထိုင်းအစား အသောက်နဲ့ သူတို့ရဲ့ အချို့ဓလေ့ထုံးတမ်းလေးတွေကို သဘောကျမိပေမယ့်လည်း ကျနော်တို့က ထိုင်းမဖြစ်နိုင် ပြန်ဘူး။ ဒီနိုင်ငံမှာ မြန်မာပြည်ပြန်ဖို့ စောင့်ရင်း “အမြဲတမ်းဧည့်သည်ကြီး” တွေ ဖြစ်နေကြရပြန်တယ်။ ဒီလိုနဲ့ အမေရိကန်ကို ပြန်လိုက်၊ အလုပ်အတွက် ထိုင်းနိုင်ငံမှာ လာနေလိုက်၊ ကူးချည်သန်းချည်။ ဒါကြောင့်လည်း ဒီကောင်မကလေးအကြောင်းကို အရင်က ကျနော် သတိမထားမိခဲ့တာ ဖြစ်မယ်။

“ အစ်ကို… ခဏ ရပ်”
တနေ့မှာ ကျနော့်အမျိုးသမီးက တနေရာသွားတုန်း ကားခဏရပ်ဖို့ ပြောလာတယ်။
“သနားပါတယ်…”
သူက ဆက်ပြော လာတယ်။ ခဏနေတော့ ကားပေါ်ကဆင်းပြီး အမျိုးသမီးငယ်တယောက်ဆီကို လျှောက်သွားတာ မြင်ရတယ်။ ပြီးတော့ ပိုက်ဆံ တရာလား၊ နှစ်ရာလား မသိဘူး ပေးတယ်။
အမျိုးသမီးငယ်က ဖြူဖြူ ကြည့်လို့ကောင်းတဲ့ ရုပ်ရည်မျိုးပါပဲ၊ မျက်နှာကတော့ ခပ်နွမ်းနွမ်းရှိတယ်။ ကလေးတယောက်လည်း သူနဲ့အတူ တွေ့ရတယ်။ ကျနော်ကတော့ အင်းလေ… သူ့ကိစ္စ သူရှိမှာပေါ့ ဆိုတာမျိုးပဲ သဘောထားမိပါတယ်။

နောက်တော့ ပြန်လာတော့မှ ဒီမိန်းကလေးအကြောင်းကို မိန်းမက ပြောပြလာတယ်။ ဒီမိန်းကလေးက အရင်က မြို့ကလေးမှာရှိတဲ့ မြို့လယ်ဟော်တယ်တခုမှာ အလုပ်လုပ်တယ်လို့ သိရတယ်။ စားပွဲထိုးလည်း ဖြစ်ချင်ဖြစ်မယ်။ သို့မဟုတ် အခန်းသန့်ရှင်းရေးလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုနဲ့ တနေ့မှာ မြို့ကလေးကို လာလည်တဲ့ နိုင်ငံခြားသားတယောက်နဲ့ ငြိစွန်းမိကြတယ်။ ငွေပေးဆက်ဆံတာမျိုး ဖြစ်နိုင်သလို၊ တညတာ လွန်ကျူးကြတဲ့ ကိစ္စလည်း ဖြစ်နိုင်ပါတယ်။ ဒီကိစ္စကပဲ သူ့ဘ၀ကို ဇောက်ထိုးပြောင်းပြန် ပြောင်းသွားစေခဲ့တယ်။ နောက်တော့ ကိုယ်ဝန်ရှိလာခဲ့တယ်။ ချုပ်ရရင်တော့ ကလေးတယောက် မွေးလာခဲ့တယ်။

က လေးက လူမဲကလေးဖြစ်နေခဲ့တယ်။ ဒီလိုနဲ့ ဟော်တယ်က သူအလုပ်ပြုတ်တယ်။ ကလေးတယောက်နဲ့ သူ့ဘ၀ကို သူ့ဘာသာ ကျောင်းရဖို့ ဖြစ်လာတော့တယ်။ တကယ်တော့ ကလေးအဖေက သိချင်မှတောင် သိပါလိမ့်မယ်။ တညတာ ကိစ္စဖြေရှင်းလိုက်တာမျိုးလည်း ဖြစ်နိုင်သလို၊ ပြီးပြီးပျောက်ပျောက် အပျော်သွား စိတ်ဖြေတဲ့ကိစ္စမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် မိန်း ကလေးအတွက် ကိစ္စက မပြီးမစီးနိုင် ဖြစ်လာရတယ်။

ရွာကလေးထဲမှာ မျက်နှာငယ်ရတယ်။ လူတိုင်းက နှိမ်ချင်ကြတယ်။ ဆေးဖော်ကြောဖက် မလုပ်ချင်သလို ဖြစ်လာတယ်။ အလုပ် ရဖို့လည်း ခက်လာခဲ့တယ်။ ကလေးက လူမဲကလေးဆိုတော့ အမေကိုယ်၌က ပျက်စီးဖောက်ပြန်နေလို့ ဆိုတာမျိုး လူတွေက သဘောထားကြတယ်။

ကျ နော်တွေ့တော့ ကလေးက အခါလည်သားကလေးပဲ ရှိလိမ့်ဦးမယ်။ ကျနော့်အမျိုးသမီးက ကလေးကို သနားသလို၊ အမျိုးသမီးငယ်ကိုလည်း အမျိုးသမီးချင်း ကိုယ်ချင်းစာ သနားပုံရပါတယ်။ ကျနော် ဆက်ကြားရတဲ့ ဇာတ်လမ်းကလည်း ရင်နင့်စရာ ကောင်းလှတယ်။ ဒီလိုနဲ့ ကောင်မလေးက ရွာထဲမှာ အရပ်ပျက်မလေးလို ဖြစ်လာတယ်။ လူတွေက အနိုင်ကျင့်ကြတယ်။

သူနေတဲ့ ကွက်သစ်က အိမ်ကလေးကို ညညဆိုရင် ကျောရရုံကြံချင်တဲ့ လူတွေရောက်လာတတ်တယ် ဆိုတယ်။ သူ့အဖို့ ညတွေဟာ မှောင်အတိပြီးနေခဲ့မှာပေါ့။ ခြောက်အိပ်မက်တွေ ကြီးစိုးနေခဲ့မှာပေါ့။ အသားမဲတဲ့၊ ဆံပင်ကောက်တဲ့ ကလေး ငယ်က ညညဆိုရင် ကြောက်ပြီး ငိုနေမှာလား။ ကျနော် မသိနိုင်ဘူး။

“လူတွေက ဆိုးတယ်”
ကျနော့် မိန်းမက ကောင်မလေးအကြောင်း ပြောပြတယ်။
“ညညဆို ကောင်မလေးကို လာအိပ်ကြတယ်။ ပိုက်ဆံ ၁၀၊ ၂၀ ပေးသွားတဲ့လူလည်း ရှိတယ်။ ပိုက်ဆံ မပေးဘဲ ဒီအတိုင်း လာအိပ် အနိုင်ကျင့်တဲ့သူလည်း ရှိတယ်။ အုပ်စုလိုက်လာတဲ့သူတွေလည်း ရှိတယ်”

” ရွာလူကြီးတွေက ကာကွယ်မပေးဘူးလား။ ကျန်တဲ့ သူတွေကရော သည်အတိုင်း ကြည့်နေကြတာလား” ကျနော်က မေးမိတယ်။

“ရွာလူကြီးတွေဆိုတာကလည်း သူတို့ ပိုက်ဆံရမယ့် ကိစ္စလောက်ပဲ ကြည့်နေတာပါ” ကျနော့် အမျိုးသမီးက ပြန်ဖြေတယ်။ “ဒီကိစ္စကိုလည်း သူတို့က အလေးမထားကြပါဘူး။ နောက်တော့ ကောင်မလေးကြောင့်လည်း တို့ရပ်ရွာသိက္ခာကျရတယ် ဆိုတာမျိုး ထင်ထားကြတာကိုး”
သူက လေးလေးပင်ပင် ဆက်ပြောပြတယ်။

နောက်ပိုင်းမှာ ၂-၃ ခါလောက် ကျနော်တို့ ဒီကောင်မကလေးကို ထပ်တွေ့ကြတယ်။ အသားမဲမဲ၊ မျက်လုံးပြူးပြူး၊ ဆံပင်ကောက်ကောက် ကလေးငယ်ကတော့ ဘ၀ကြီးအကြောင်း ဘာမှ သိပုံမပေါ်ပါဘူး။ ဆော့ကစားလို့ ပျော်နေတယ်။ တွေ့တိုင်း ကျနော်တို့ကလည်း ပိုက်ဆံ တရာ၊ နှစ်ရာ ပေးလေ့ရှိတယ်။ ဒီလောက်ပဲ။ ကျနော့် မိန်းမကတော့ ရိုးပါတယ်။ ဒီမိန်းကလေး ကံမကောင်းလို့ဆိုတာမျိုး ကံကြမ္မာအပေါ်ပဲ ပုံချထားလိုက်တယ်။ လူမှုအဖွဲ့အစည်းတို့၊ ဖိနှိပ်မှုတို့၊ စနစ်က မှားနေတာတို့ ကြီးကြီးကျယ်ကျယ် ပြောမနေပါဘူး။ သူနိုင်သမျှ ကူပေးတာပါပဲ။

တခါပြန်တွေ့တော့ အခြေအနေက ပိုဆိုးနေပြီ။ သူနေတဲ့ အိမ်ကလေးကို လူတချို့က အကြွေးနဲ့သိမ်းသလိုလို၊ အိမ်ပေါ်က နှင်ချ သလိုလို၊ အသေအချာတော့ မသိရဘူး။ ဘုန်းကြီးကျောင်းဇရပ်တခုဘေးမှာ ကပ်နေနေရတယ်။ ဝါးထရံကလေး တချပ်ထောင်လို့ အခန်းဖွဲ့နေနေတယ်။ ဘုန်းကြီးကျောင်းအရိပ်အောက်မှာ တနည်းတဖုံ လုံခြုံမှုရှိတယ် ဆိုနိုင်သလို၊ အိုးအိမ်လို လုံခြုံမှုမရှိတဲ့ ဇရပ်မှာ နေနေရတဲ့အတွက် ပိုလို့ လုံခြုံရေးမကောင်းဘူးလည်း ပြောရင်ရနိုင်တယ်။


(၃)

“ဇာတ်လမ်းကတော့ အဖြစ်မှန်ပဲ။ ဒီလောက်ပဲဗျ။ နောက်တော့ ကျနော်လည်း ခရီးသွားလိုက် လာလိုက် မတွေ့မိတော့ဘူး။ နောက်ပိုင်းတော့ ကောင်မလေးက မြန်မာပြည်ပဲ ပြန်သွားသလိုလို၊ တနေရာပဲ ထွက်သွားသလိုလို ကြားတယ်။ ကျနော်တို့ လည်း နောက်ပိုင်း မတွေ့မိတော့ဘူး”

ကျ နော်က ညခင်းထမင်းဝိုင်းမှာ ကျနော်ကြုံဖူးတဲ့ အဖြစ်အပျက်ကို ပြန်ပြောပြနေမိတယ်။ ဆက်ပြီးတော့လည်း မေးခွန်းတွေ ထုတ်နေမိတယ်။ အခုမှပဲ လေထုက နည်းနည်းပိုအေးသလို ရှိလာတယ်။ အပြင်က ပိုးကောင်ငယ်တွေရဲ့ တစီစီအသံ ကြားနေရသလို အခြားဝိုင်းတွေက ရယ်သံ၊ စကားသံတွေလည်း ကြားနေရတယ်။ ထမင်း၊ ဟင်းကျန်တွေက အေးစက်လို့ အရိုး၊ အရင်း လောက်ပဲ ကျန်တော့တယ်။ အချို့ကလည်း သစ်သီးအချိုစားလို့ ထမင်းဝိုင်း သိမ်းဖို့ ပြင်နေကြပြီ။ ကျနော် ပြောပြတဲ့ အဖြစ် အပျက်ကို ကြားရတဲ့ သူတွေကလည်း စိတ်မကောင်းကြဘူး။

ဟုတ်တယ်။ တကယ်တော့ အနောက်နိုင်ငံတွေမှာ မိစုံဖစုံမဟုတ်ဘဲ ကလေးမွေးပြီး ကလေးကို စောင့်ရှောက်နေကြရတဲ့ မိခင်တွေ အများကြီးပဲ။ (Single mom) လို့ခေါ်ကြတယ်။ သူတို့ကိုလည်း အစိုးရတွေက စောင့်ရှောက်မှုအပြည့်အဝပေးထားတတ်ကြတယ်။ လူမှုဖူလုံရေးစရိတ်တွေ ရသလို၊ ကလေးဖွံ့ဖြိုးမှုအတွက်၊ ကလေးတွေ ကျောင်းနေနိုင်ဖို့အတွက်၊ အခြား အကူအညီ တွေလည်း ရကြတယ်။ ငယ်ငယ်ရွယ်ရွယ် မှားယွင်းမိကြလို့ဖြစ်စေ၊ သဘောထားချင်း မတိုက်ဆိုင်လို့ မပေါင်းမိကြသည်ဖြစ်စေ ကလေးတယောက်နဲ့ အမေဖြစ်လာရတဲ့ကိစ္စဟာ ပြဿနာကြီးကြီးမားမား မဟုတ်သလို လူမှုအသိုင်းအဝိုင်းမှာ ဘ၀ကြီး တခုလုံး ဇာတ်သိမ်းသွားရမလို အပြီးဆုံးရှုံးသွားရမယ့် အခြေအနေလည်း မဟုတ်လေဘူး။

ဒါ ပေမယ့် အခုလို ဗုဒ္ဓဘာသာထွန်းကားပါတယ်ဆိုတဲ့၊ ယဉ်ကျေးပါတယ်ဆိုတဲ့ ကျနော်တို့ အသိုင်းအဝိုင်းမှာမှ ဘယ်လို ဖြစ်ကြရ တာလဲ။ ကျနော်က တွေးနေမိတယ်။ ကလေးမလေးကို အရပ်ပျက်မလေးလို ဆက်ဆံကြတယ်။ တကယ်တော့ ကောင်မလေးကြောင့် အရပ်က နာမည်ပျက်၊ အရပ်က သိက္ခာကျရတာလား။ ဒါမှမဟုတ် အရပ်ကိုယ်တိုင်က ပျက်နေလို့ ကောင်မလေးက ပျက်သွားရတာလား မေးခွန်းထုတ်စရာကောင်းလှတယ်။ သဘောထားသိမ်ဖျင်း အနိုင်ကျင့်လိုတဲ့ လူဆိုး တွေကတော့ အနည်း စု ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း ကျန်တဲ့ ကျနော်တို့လူမှု အသိုင်းအဝိုင်းက ဘာဖြစ်လို့ ဒီလို အခြေအနေကို ပုံမှန်ုဖြစ်နေသယောင် လက်ခံနေကြရတာလဲ။ ဘာဖြစ်လို့ မသိကျိုးကျွံနေကြတာလဲ… စဉ်းစားစရာ ဖြစ်နေပြန်တယ်။

“ကျနော်တို့ လူမှုအသိုင်းအဝိုင်းမှာကိုက ဖခင်ကြီးစိုးရေးဝါဒ၊ မဟာဖိုဝါဒတွေက အမြစ်စွဲ တည်ရှိနေသေးလို့၊ ကြီးနိုင် ငယ်ညှဉ်း စိတ်ဓာတ်တွေ ရှိနေသေးလို့ ဒီလိုဖြစ်ရတယ် ထင်တာပဲ…”
ကျနော်က ထင်မြင်ချက်ကို ပြောမိတယ်။

“မဟုတ်သေးဘူး ဆရာ” ..
ကျနော့်မိတ်ဆွေ အမျိုးသမီးက ပြန်ပြောတယ်။
“ကျမအမြင်ကတော့ လူမျိုးရေးလည်း ပါလိမ့်မယ် ထင်တယ်။ ကြည့်လေ… အကယ်၍ ကလေးက အဖြူကလေး၊ (ဘိုပေါက်စကလေး) ဖြစ်နေရင်ရော၊ လူတွေက ဝိုင်းပြီး ချစ်နေတာမျိုးလည်း ဖြစ်နိုင်တယ်။ အကယ်၍ ကလေးအမေက ရပ်ရွာထဲက တယောက်ယောက်နဲ့ မှားယွင်းပြီး ကလေးရတယ် ထားဦး၊ ကလေးအမေကို ဒီလို ဆက်ဆံတာမျိုးလည်း ဖြစ်ချင်မှ ဖြစ်လိမ့်မယ်။ ကလေးက အမဲကလေးဖြစ်တော့ တို့နဲ့ အမျိုး မတူဘူး။ သူတို့က တခြား၊ မျိုးဖျက်တယ် ဆိုတဲ့ အခြားအုပ်စုတခုထဲ သွင်းလိုက်တာလည်း ဖြစ်နိုင်တာပေါ့။ ပြောရရင် တခြား သေတ္တာတခုထဲ stereotyping လုပ်ပြီး ထည့်လိုက်တာလည်း ဖြစ်နိုင်တာပဲ”

စစ်ပွဲအတွင်းမှာ မုဒိမ်းပြုကျင့်ကြတဲ့ကိစ္စတွေ အကြောင်းကိုလည်း ကျနော်ဖတ်ဖူးတယ်။ အခြား ရန်သူ လို့ သတ်မှတ်ထားတဲ့ အုပ်စုတခုကို ကျိုးနွံသွားအောင်၊ သိက္ခာကျစေအောင်၊ သူတို့ရဲ့ အမျိုးကို ဖျက်နိုင်အောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မုဒိမ်းကျင့်တာကို လူတွေရဲ့ သားရိုင်းဗီဇ စိတ်ဓာတ်နဲ့ တမင်လုပ်ဆောင်ကြ ကျူးလွန်ကြတယ် ဆိုတာမျိုး ဖတ်ခဲ့ရဖူးတယ်။ စစ်ပွဲတွေအတွင်းမှာ ဒါကြောင့်လည်း အမျိုးသမီးတွေဟာ သားကောင်ဖြစ်ကြရ၊ ပိုလို့ ဒုက္ခခံကြရ၊ ဓားစားခံဖြစ်ကြရတယ်။ ဒီလိုအဖြစ်ဆိုးတွေက ရာစုမက ထောင်စုနှစ်ချီ ကြာခဲ့ပြီလို့ ဆိုရမယ်။ လူ့သမိုင်းတလျောက်ပဲ။ ဒီလို ကိစ္စတွေက အဆုံးမသတ် နိုင်သေးဘူးလား… စဉ်းစားနေမိတယ်။

အခု ကလေးမလေးက လူမဲတယောက်နဲ့ ကိုယ်ဝန်ရလာတော့ ရပ်ရွာက ရှက်တာလည်း ဖြစ်နိုင်ပါတယ်။ အမျိုးသားရေး အစွန်းရောက်တဲ့ အနေအထားမှာတော့ သူက “မျိုးဖျက်မ”ဆိုတာမျိုးအထိ စွပ်စွဲတာ ရှိလာခဲ့။ နောက်ဆုံး ရပ်ရွာက၊ ဒါမှ မဟုတ် အမျိုးသားရေး အစွန်းရောက်တဲ့ လူတချို့က မကျေနပ် ဒေါသတွေကို သူ့ဆီပဲ ပြန်ပုံအောချလိုက်သလိုမျိုး၊ ဒုက္ခရောက်သူကို မကူညီ ဘဲ လက်စားချေသလို ပြန်ဖိနှိပ်တာမျိုး ဖြစ်စေတော့တယ်။ မြေနိမ့်ရာလှံစိုက် အခြေအနေ ရောက်စေတော့တယ်။

“အင်းလေ.. လူမှုသိပ္ပံပညာရပ်မှာတော့ လူမှုဖွဲ့စည်းပုံအရ အကြမ်းဖက်မှု တည်ရှိနေတာမျိုး (structural violence) ကိုလည်း ဆွေးနွေးထားတာ ရှိတယ်။ သဘောကတော့ဗျာ အလုပ်မှာ ပင်ပန်း မကျေနပ်ဖြစ်လာတဲ့ ယောက်ျားက အိမ်ရောက်တော့ မိန်းမကို ရိုက်တာမျိုး၊ သူနိုင်ရာ လက်အောက်ငယ်သားကို ဖိနှိပ်တာမျိုး၊ အချင်းချင်း ပြန်အစွမ်းပြလို့ ရန်စောင်ကြ၊ ရန်ဖြစ်ကြတာမျိုးလည်း ရှိတတ်တယ်” စကားဝိုင်းမှာ နားထောင်နေတဲ့ မိတ်ဆွေတယောက်က ၀င်ပြောတယ်။

“အင်းလေ… နောက်ဆုံးတော့ ကိစ္စအားလုံး ကောင်မလေးပေါ်မှာသာ အပြစ်ပုံချမိတာမျိုး ဖြစ်ရတာပေါ့”

“တကယ်တော့ဗျာ… ကျနော်တို့ အခု လူမှုသိပ္ပံတွေမှာလည်း ပြောဆို ဆွေးနွေးထားကြတာတွေ ရှိပါတယ်။ အကယ်၍ ကျနော်တို့ နေထိုင်တဲ့ လူမှုအဖွဲ့အစည်းရဲ့ ဖိအား၊ လှိုင်းလုံးကြီးက သိပ်ကြီးနေရင် ငါးတကောင်က ဘယ်လို ဆန်ကူးမှာလဲ။ ကျနော်တို့ လူအများက ဒီလိုတွေးခေါ် လက်ခံနေကြရင် ဘယ်သူတဦးတယောက်က စည်းအပြင်ထွက်ပြီး (သေတ္တာ အပြင် ထွက်ပြီး) တွေးမှာလဲ။ Out of the box ဆိုတာမျိုး ပြုမူဖို့က လူတဦးတည်းအတွက် ခက်ပေလိမ့်မယ်” ကျနော်က ချိန်ဆ ပြောနေမိတယ်။

ကျ နော့် မိတ်ဆွေဆရာမက ၀င်ပြောလာပြန်တယ်။
“ကျမတို့ ခုနက လူတွေကို အုပ်စုခွဲခြားပြီး (တနည်း သေတ္တာထဲ) ထည့် တာမျိုး stereotyping ကိစ္စ ပြောခဲ့တယ်နော်။ အခု out of the box (သေတ္တာအပြင်ဖက်က) ထွက်ပြီး စဉ်းစားတာမျိုး၊ ပြုမူတာမျိုး ပြောလာကြပြန်တယ်။ ဆိုပါစို့။ ရပ်ရွာက လူတွေက သေတ္တာအတွင်းထဲမှာပဲ နေပြီး တွေးနေတယ် ဆိုပါစို့။ ဒီ ကောင်မလေးကလည်း သေတ္တာထဲမှာပဲ နေပြီးတွေးနေတယ်။
သူကလည်း out of the box ဆိုတာမျိုး မစဉ်းစားဖူးလေ။ သူ ကိုယ်တိုင်က သူများတွေက သူ့ကို သတ်မှတ်ထားတဲ့ အရပ်ပျက်မလေးဆိုတဲ့ လက္ခဏာ သတ်မှတ်ချက်ကို လက်ခံနေသလို ဖြစ်မနေဖူးလား။ သူကိုယ်တိုင်က ငြင်းပယ်ရင် မရဖူးလား”

ဟု တ်ပါတယ်။ ကောင်မလေးကလည်း သေတ္တာအပြင်ထွက်လို့ ဘယ်တွေးနိုင်ပါ့မလဲ။ ကျနော်တို့ ပြောနေကြတဲ့ စဉ်းစားချက်၊ ပညာ၊ အတွေ့အကြုံ၊ သတ္တိ၊ ကုန်ကုန်ပြောရရင် လူတဦးမှာ ခွန်အားရှိလာဖို့ empowerment ဆိုတာမျိုးတွေက ဖက်ပေါင်းစုံ လိုအပ်ပါတယ်။ လူမှုအဖွဲ့အစည်းတရပ် အပြောင်းအလဲ (change) ဖြစ်ဖို့၊ တော်လှန်ရေးတရပ်နဲ့ လူမှုအဖွဲ့ အစည်းကို ပြောင်းလဲ ပစ်ဖို့ ကြိုးစားနေသူတိုင်းက ဒီလို လူထုတွေကို ခွန်အားမြှင့်တင်ပေးဖို့ ကိစ္စကို ပြောလေ့ရှိကြတယ်။ ကျနော်တို့ လုပ်နေကြတဲ့ ရပ်ရွာဖွံ့ဖြိုးရေး (community development) သင်တန်းတွေမှာလည်း ဒီလိုစကားတွေကို အကြိမ်ကြိမ် ပြောခဲ့သပေါ့။

“ဒါနဲ့ နေပါဦး… ဆရာကရော သူ့အတွက် ပိုက်ဆံတရာ၊ နှစ်ရာ ပေးတာအပြင် တခုခု လုပ်မပေးဖူးလား။ ထိုင်းနိုင်ငံမှာ ဒီလို လူမှုရေးကိစ္စတွေကို ကူညီဆောင်ရွက်ပေးတဲ့ အဲန်ဂျီအိုတွေလည်း ရှိတတ်တာပဲဟာ” ကျနော့်မိတ်ဆွေ အမျိုးသမီးက မေးလာတယ်။

ညက အခုမှ ပိုအေးလာသလိုပဲ၊ ၀ိုင်တခွက် နှစ်ခွက်ဝင်ထားတာတောင် ချမ်းစိမ့်စိမ့် ဖြစ်လာတယ်။ မြောက်ပြန်လေရူးကလည်း တချက်တချက် ဝှေ့နေတယ်။ ချင်းမိုင်တောင်တန်းပေါ် မှာ မြူငွေ့တွေ သိုင်းဝိုင်းဖွဲ့လာလို့ ညနက်လာပြီဆိုတာ သတိပြုလာမိတယ်။

“ကျနော့်မှာလည်း ကျနော့်ဆင်ခြေတွေ ရှိနေတာပေါ့။ အကယ်၍ ကျနော်က ဒီကောင်မလေးကိစ္စကို အားတက်သရော ထဲထဲဝင်ဝင် ကူညီနေရင်တော့ ကျနော့်အမျိုးသမီးက ငြိုငြင်တာမျိုး၊ အထင်လွဲတာမျိုးလည်း ခံရနိုင်တယ်။ သိပ်စိတ်ဝင် စားနေတယ်ဆိုတာမျိုးလည်း ထင်ခံရပြီး လင်မယားချင်းတောင် စကားများနိုင်သပေါ့။ နောက်ပြီး ကျနော်က ဒီဒေသမှာ နေထိုင်တယ် ဆိုပေမယ့် ဧည့်သည်သွား၊ ဧည့်သည်လာ ပုံစံမျိုး၊ ကျနော်က တခုခု ဆက်လုပ်ရင် ကျနော်နဲ့ ရပ်ရွာက လူတွေနဲ့လည်း နားလည်မှုလွဲတာတွေ၊ ပဋိပက္ခတွေ ရှိလာနိုင်တယ်။ တွန်းတွန်းတိုက်တိုက် လုပ်ရတာမျိုးလည်း ရှိလာ နိုင်တယ်။ နောက်တော့ ကျနော် ကလည်း အခြားအလုပ်တွေ များပါတယ်၊ မအားလှပါဘူး”

တကယ်တော့ ဒီလို ဆင်ခြေတွေကို ပါးစပ်က ထုတ်ပြောပြီး ကျနော့်မိတ်ဆွေ အမျိုးသမီးကို ပြန်မရှင်းပြ ဖြစ်ပါဘူး။

“အင်းလေ.. ကျနော်လည်း အခြားအလုပ်တွေများနေတာနဲ့ တခါတခါ ခဏတဖြုတ်တွေ့မိတာလောက်ပဲ ရှိပါတယ်။ တွေ့တုန်းတော့လည်း နိုင်သမျှ ကူညီသလောက်ပါပဲ…. ”
ဗလုံးဗထွေး ပြန်ပြောနေမိတယ်။

ကျနော်က အစပိုင်း ကိုယ့်ကိုယ်ကိုယ် ပြည်ပမှာ၊ အမေရိကန် လူနေမှုအဖွဲ့အစည်းမှာ၊ ခေတ်သစ် လူမှုဆက်ဆံ ပေါင်းသင်းပုံကြားမှာ အတော်အနေကြာလာတော့ အတန်တော့ ပြောင်းလဲမှုရှိလာတယ်လို့ ထင်ခဲ့မိတယ်။ အခုမှ ဟုတ်ပါရဲ့လားလို့ ပြန်စဉ်းစား နေမိတယ်။

ကျနော်လည်း သေတ္တာထဲက တွေးနေတုန်းပဲလား… ဗလုံးဗထွေး ဆက်တွေးနေမိတယ်။ 

ယောဟန်အောင်
   ** အောက်တိုဘာ ၁၉၊ ၂၀၀၈။