ပိန်မှဖြစ်မယ် (မိုးမိုး-အင်းလျား) - Zezawar-Sarpay

Breaking

Friday, 8 February 2019

ပိန်မှဖြစ်မယ် (မိုးမိုး-အင်းလျား)


ပိန်မှဖြစ်မယ်
♦♦♦♦♦ မိုးမိုး (အင်းလျား)

နောက်တစ်နေ့ မနက် လုပ်ရမည့် အလုပ်တွေ အတွက် စိတ်စောပြီး ညက တော်တော်နှင့် အိပ်မပျော်ခဲ့။ ထို အိပ်မပျော်ခြင်းကပင် ယနေ့မနက် အလုပ်တွေကို ဖင့်နှေးစေသည်။ အိပ်ရေး မဝသဖြင့် ခေါင်းထဲက မကြည်လင်။ ခုနစ်နာရီ ထိုးပြီ။ ဆက်အိပ်နေလို့လည်း မဖြစ်တော့။ အိပ်ရာကို တစ်လက်စတည်း သိမ်း။ မျက်နှာမသစ်မီ ရေနွေးအိုး အရင် တည်ထားသည်။ ညက ဆေးကြောထားသော လျှပ်စစ် ထမင်းအိုးထဲ ဆန်ထည့်ဆေး။ ရေတစ်ဆခွဲ ခြင်ထည့်။ ခလုတ်ဖွင့်။ လျှပ်စစ်စွမ်းအားသည် အလုပ်ကို တွင်ကျယ်စေ၏။ တီထွင်သူများကို ကျေးဇူးတင်ဖွယ် ကောင်းလေစွ။

ရေချိုး သန့်စင်ပြီး သနပ်ခါး လိမ်းရင်း စဉ်းစားသည်။ သည်လအတွက် ဝတ္ထုရှည် တစ်ပုဒ် ရပြီး တစ်ပုဒ် လိုသေးသည်။ ရေရှည်မှာ ဝတ္ထုရှည် နှစ်ပုဒ် အမြဲရဖို့ လွယ်ပါ့မလား။

အတို လေးပုဒ်မှာ အချစ်ဝတ္ထု နှစ်ပုဒ် ပါစေချင်သည်။ ဘဝ နှစ်ပုဒ်၊ ချိန်ခွင်လျှာ ညီစေချင်သည်။ ကိုယ်ကြိုက်တာတွေချည်း မလုပ်နဲ့ ဟူသော သတိပေး စကား အချို့ကို ကြားယောင်လာသည်။ ဘယ်တော့မှ အယ်ဒီတာ မလုပ်ဘူး ဆိုသော ဝေဖန်သံလား၊ အပြစ်တင်သံလား ကြားယောင်သည်။ စေတနာ စကားပဲ ထားပါတော့။ နားထောင်ရင်း ရယ်နေရသည်။ ထွက်သမျှ မဂ္ဂဇင်းတွေ ဒိုင်ခံဖတ်ရင်း စိတ်လိုလက်ရသည့် အခါ စာထရေးရင်း ပန်းပင်လေးတွေ စိုက်ရင်း ကမ္ဘာကျဉ်းလေး ထဲမှာ မွေ့လျော်ခဲ့ရာက ပြင်ပကို ခေါင်းပြူထွက်ခြင်း။

မမဦးက ပုစွန်ချဉ် ကြိုက်တယ်။ ဒီနေ့ သောကြာနေ့။ မမဌေးက အသက်သတ်လွတ်။ ပုန်းရည်ကြီး သုပ်မယ်။ တက်စာတွေစားပြီး စာမူတွေ မဖတ်နိုင်ရင် ဒုက္ခနော်။ ဓာတ်ပုံဆောင်းပါး နှစ်ပုဒ် ဒီနေ့ ဒီဇိုင်း အပ်ရမယ်။ လူတွေကို ဖမ်းစားတာ  အရုပ်လား၊ စာလား။ အရုပ်ကြည့် ပြီးမှ စာဖတ်သလား၊ စာဖတ်ပြီးမှ အရုပ်ကြည့်သလား။ အင်တာဗျူး ဆောင်းပါး မထည့်ဘူးလားဟု ခဏခဏ မေးကြသည်။ မေးခွန်းတွေ မေးတတ်တာလည်း နည်းတဲ့ပညာ မဟုတ်ဘူးတဲ့။ ဟုတ်မှာ။

ပလတ်စတစ်ခြင်း အသစ်။ ထမင်းဘူး အသစ်။ ခေါက်ထီး သေးလေးကလည်း အသစ်။ ကျောင်းကထွက်စ ဆရာမ လုပ်ခဲ့ရတာ သတိရသည်။ ဘဝမှာ အားလုံး အသစ်အဆန်းချည်း ဖြစ်ခဲ့၏။ ယခုလည်း အတွေ့အကြုံ အသစ်အဆန်းတော့ ရနိုင်သည် ဘဝထောင့်ချိုးတွေက သည်မှာတင် ပြီးဆုံးမည် မထင်။ မမဦးတို့ မမဋ္ဌေးတို့ သံယောဇဉ်တွေက အင်အားတွေ ဖြစ်စေခဲ့၏။

ဂျပန်က ပို့လိုက်သော အမျိုးသမီး မဂ္ဂဇင်းလေးကို ကြည့်ပြီး အားကျမိသည်။

အဆင်စုံ၊ အသွေးစုံ၊ ကဏ္ဍစုံ။

ကားဂိတ်ရောက်တော့ ကိုးနာရီ ထိုးပြီ။ “တာမွေ တာမွေ” ဆိုသည့် အသံကြား၍ ပြေးသွားရသည်။ ခဏစောင့်ဦး ဆရာ၊ လာ လာ မြန်မြန်တက် ဟူသော အသံ အဆုံးမှာ ကားပေါ် ရောက်နေလေပြီ။ အလေ့အကျင့်သည် လူကို ကျွမ်းကျင်စေ၏။ အသင့် ထုတ်ထားသော ကျပ်တန်အနွမ်းကို ထုတ်ပေးလိုက်၏။ ပလီထိပ် ဆင်းမှာဟု ကြိုပြောထားသည်။ ပိုက်ဆံအိတ်ကို ခြင်းထဲဝင်အောင် ထည့်။ အပေါ်က လက်နှင့် ထပ်ဖိထားရ၏။ သူငယ်ချင်း တစ်ယောက်၏ ပိုက်ဆံအိတ်မှာ ချုပ်ရာတွေ ထပ်နေတာကို ကြည့်ပြီး “ကင်းခြေများတွေနဲ့ ပါလား” ဟု နောက်ပြောင်ခဲ့မိတာ သတိရ လေသည်။ “နင်မှ ဘတ်စ်ကား မစီးဖူးဘဲ” ဟု သူငယ်ချင်တိုင်းက ပြန်ပြောသည်။ “ခါးပိုက်နှိုက် ခံရ အလို့ မထင်နဲ့တဲ့၊ သူတို့ကိုက ကျွမ်းကျင်တာ” ဟု ခါးပိုက်နှိုက်ကို ချီးမွမ်းလေသည်။

“ပလီထိပ် ပါတယ်လေ ပလီထိပ် ပါတယ်”

သတိရ၍ ထအော်ချိန်မှာ ကားက တာမွေဈေးရှေ့ ရောက်နေပြီ။

“မေ့သွားလို့ အစ်မရေ၊ ဒီကပဲ ဆင်းလျှောက်လိုက်ပါ”

စပယ်ယာ ချာတိတ်က ရယ်ကျဲကျဲနှင့် ပြောလေသည်။

“နင်တို့ ပြောလိုက်ရင် ဒီအတိုင်းချည်းပဲ၊ လျှောက်ရတဲ့သူက မသက်သာဘူး”

ရန်တွေ့မယ့်သာ တွေ့ရသည်။ တစ်ခါ ပြောထားရုံနှင့် မရတတ်တာ အသိသားပင်။ နေရာမရွေး စိတ်ပျံ့လွင့်တတ်သော မိမိကိုယ်ကို အပြစ်တင်ရမှာ ဖြစ်လေသည်။

တာမွေဈေးရှေ့မှာ ကားပြောင်းစီးရမှာ ဖြစ်သော်လည်း နောက်ကြောင်းကို ပြန်လျှောက်ခဲ့ရသည်။ ကိုကျော်သောင်းဆီ ဝင်ရေမည်လေ။ ပန်းချီ အပ်ထားတာ သည်နေ့ မနက် ရမည်။ သေချာအောင် နှစ်ခါသုံးခါ ထပ်ပြောခဲ့တာ ဆိုတော့ ရမှာပါပဲ။ ၁၅၅ လမ်းထဲ ဝင်။ ရွှေဟင်္သာလမ်းထဲကို ချိုး။ ဒီလ မဂ္ဂဇင်း စောစော တင်နိုင်မှ။ အရင်လက လကုန်ရက်နား ကပ်နေတော့ အတော် ဒုက္ခရောက်တာ။ အခုမှ အရှိန် ပြန်ယူရတဲ့ မဂ္ဂဇင်းတစ်စောင် ထွက်ရက် နောက်ကျတယ်ဆို တစ်ပန်းရှုံးတာပဲလေ။ ကိုယ်ပိုင်မဂ္ဂဇင်းတော့ ဘယ်တော့မှ မလျှောက်ဘူး၊ သိပ် စိတ်မောတယ်။ အဲ အပြောမကြီးနဲ့တော့လေ။ လူဆိုတာ အခြေအနေ အရပ်ရပ်က မကြာမကြာ ပြောင်းလဲတတ်တာ။

“အစ်မ ဒီမှာလေ၊ ဒီလာတာ မဟုတ်လား၊ ဘယ် သွားမလို့လဲ”

ပန်းချီဆရာ အိမ်ဝက အမျိုးသမီး လှလှကလေးက လှမ်းခေါ်မှ ရှက်ကိုးရှက်ကန်းဖြင့် ရယ်ရသည်။

“ဟဲ ဟဲ စိတ်ကူးနဲ့ လျှောက်လာတာလေ”

လွုန်သွားသော ခြေလှမ်းများကို ပြန်ရုပ်ပြီးအိမ်ထဲ လှမ်းဝင်ခဲ့ ရလေသည်။

“ထိုင်ဦးနော် အစ်မ၊ ခဏလေး၊ ဆွဲလို့ မပြီးသေးဘူး ထင်တယ်”
“အင်း အင်း၊ ရတယ် ရတယ်၊ စောင့်ယူသွားမယ်”
“ခဏလေးနော် ဆရာမ၊ မနက်က ဆွမ်းကျွေးသွားနေလို့၊ ဒီလောက် စောစော လာမယ် မထင်လို့”
“ကိစ္စ မရှိဘူး၊ ကျွန်မ စောင့်ယူပါ့မယ်၊ နောက်နေ့ စနေ တနင်္ဂနွေ ဆိုတော့ ရက်ကြာသွားမှာ စိုးလို့”

အနုပညာအလုပ် ဆိုတာ စိတ်ရှည်ရမှာပဲလေ။ ပန်းချီကား တစ်ချပ်ကို မြန်မြန်ဆွဲပေးပါလို့ လောလို့ ကောင်းတဲ့ အရာမှ မဟုတ်တာ။ စာအုပ် အငှားဆိုင်လေး ဖွင့်ထားသော ပန်းချီဆရာ အိမ်မှာ ထိုင်စောင့်ရင်း ရုပ်ပြစာအုပ် ထိုင်ဖတ်တာ သုံးအုပ် ကုန်သွားသည်။

ပန်းချီကားလေးကို ခပ်ဖွဖွလိပ်၊ ခြင်းတောင်း အပေါ်ယံက အသာလေး တင်ပြီး ကားဂိတ်ဆီ လျှောက်ခဲ့၏။ ထိုစဉ် မိုးက ရွာလာလေသည်။ ခြင်းကို တစ်ဖက်က ကိုင်၊ တစ်ဖက်က ဆောင်း၊ အဲ မဖြစ်သေးပါဘူး။ ပန်းချီကားလေး ရေစိုသွားမယ်။ ခြင်းကို လက်မောင်းမှာ ချိတ်၊ ပန်းချီကား ကိုင်၊ သည်ဘက် လက်က ထီးဆောင်း၊ ဒါလည်း ဟန်မကျသေးဘူး။ လက်တစ်ဖက်က ပန်းချီကားကိုင်၊ ကျန်တဲ့ဘက်က ခြင်းကို ချိတ်ပြီး ထီးဆောင်း၊ သည်လိုနှင့်ပဲ ကားမှတ်တိုင်ကို ရောက်လာသည်။ လေးဆယ့်နှစ် စီး၊ မြေနီကုန်းမှာ ဆင်း၊ ငါးဆယ်စီးရင် မပိုလမ်းထိ ရောက်တယ်။ သို့သော် အမှတ်ငါးဆယ် ဟီးနိုး ကားငယ်လေးတွေက လူတော့ အပြည့်အသိပ်၊ ဘယ်လိုမှ တက်လို့ မရ၊ လေးဆယ့်နှစ် ဘတ်စ်ကားကြီး လာနေသည်။ ချောင်တယ် တက်မှ။

“အို အမလေး”

ကားပေါ်က ပြုံဆင်းလာသော လူတွေကို ရှောင်နေဆဲ လူတစ်ယောက်က ကျွန်မကို အရှိန်ပြင်းပြင်း ဝင်တိုက်လေသည်။ ဟောတော် ပန်းချီကားလေး မြေပေါ် လွင့်ကျသွားပြီ။ ဘုရား၊ ဘုရား၊ တုန်ယင်သော လက်များဖြင့် ကျွန်မ ကောက်ယူခိုက် ရင်ထဲမှာလည်း တလှပ်လှပ် ခုန်လာသည်။ ပန်းချီကားလေး ရေစိုပျက်စီး သွားပြီလား။ လက်ဖြင့် သဲမှုန်များကို ခါချရင်း ထိုလူကို ဒေါသ မျက်လုံးများဖြင့် ကြည့်မိသည်။

ငွေနှစ်ရာ ရေထဲ ကျသွားလို့က ကိစ္စ မရှိဘူးရှင့်။ ဒီပန်းချီပုံ ပျက်စီးသွားရင် ကျွန်မ ပန်းချီဆရာ အိမ်ကို နောက်တစ်ခေါက် ပြန်သွားရမယ်၊ အသစ် ပြန်ဆွဲခိုင်းရမယ်၊ ပန်းချီဆရာက နောက်တစ်ရက် ချိန်းမယ်။ သွားယူတဲ့ နေ့ကျ အလုပ်တွေ သိပ်များနေလို့ပါ ဆရာမရယ်။ နောက်နေ့ လာပါ။ ဆက်ဆက်ပြီးအောင် ဆွဲထားပါ့မယ်လို့ ပြောမယ်။ နောက်နေ့သွားတော့ အဆင်သင့် ပြီးချင်မှ ပြီးနေမယ်။ ပြီးလို့ လက်ထဲ ရောက်မှ စိတ်ချရမယ်။ သရုပ်ဖော်ခ နှစ်ဆ ကုန်မယ်။ ဖလင်အပ်ဖို့ တစ်ပတ် နောက်ကျသွားမယ်။ ပုံနှိပ်ဖို့ တစ်ပတ် နောက်ကျမယ်။ ရုံးတင်ဖို့ တစ်ပတ် နောက်ကျမယ်။ မဂ္ဂဇင်းထွက်ဖို့ တစ်ပတ် နောက်ကျမယ်။ အဲဒီအတွက် အောင်မြင်မှုက အများကြီး နောက်ကျမယ်။

“စိတ်မရှိပါနဲ့ဗျာ၊ မတော်လို့ပါ၊ အစ်မကြီးက ပန်းချီ ဆရာမလား”

သူကပါ ပန်းချီကားချပ်ကို စိတ်ပူစ္စာ ရောယောင်ကြည့်ပြီး ရေရွတ်လိုက်သည်။

ပန်းချီကား ကိုင်လာတာနဲ့ ပန်းချီဆရာမ ဖြစ်ရမယ်လို့ ရှင့်ကို ဘယ်သူက ပြောလဲ။ စိတ်ထဲက ရန်တွေ့ရင်း ယဉ်ကျေးပုံရသော ထိုသူကို ကြည့်လိုက်တော့ သူ့လက်ထဲမှာ ထမင်းဘူးလေးနှင့်။ ကျွန်မက သူ့ထမင်းဘူးကို ကြည့်မှန်းသိတော့ သူကလည်း လိုက်ကြည့်သည်။ သူ မျက်နှာ ပျက်သွားသည်။ ထမင်းဘူးကို ထုပ်ထားသော လက်သုတ်ပဝါတွင် ဟင်းရည်တွေ စွန်းပေကုန်လေပြီ။ ဪ သူ့ခမျာ ယောက်ျားတန်မဲ့ ထမင်းဘူးလေး ဆောင်လာရပါလျက် အိမ်ရှင်မက ဟင်းရည်ကျဲပဲ ထည့်ပေးလိုက်နိုင်ဟန် တူရဲ့။

“ကိစ္စမရှိပါဘူး”

ကျွန်မ မျက်နှာထားရော လေသံပါ ပျော့ပျောင်း သွားသည်။ သူ ဘာမှ မပြောတော့။ လွယ်အိတ်တစ်ဖက်၊ ထီးတစ်ဖက်၊ ထမင်းဘူးကို လက်ကကိုင်ကာ သူ့လမ်းသူ သွားပြီ။ မိုးက သည်းလာ ပြန်သည်။ အနားဖျား ရေစိုသွားသော ပန်းချီကားလေးကို ရင်ခွင်မှာ အပ်ထားပြီး နောက်ထပ် ကားအလာ စောင့်ရသည်။ ဒီနေ့တော့ နောက်ကျပြီ။ ကိစ္စမရှိဘူးလေ။ တိတိကျကျ ရောက်ရမည့် နေရာမှ မဟုတ်တာ။ မမဦး ကတော့ ပြောတယ်။ ထီထိုးထားတယ်၊ သုံးသိန်းထီ ပေါက်ရင် ကားလေးတစ်စီး ဝယ်ပေးမယ်နော်။ သူများတကာတွေ မဂ္ဂဇင်းထုတ်တာ စာမူ လာတောင်းတာတောင် အက်စ်အီး ကားကြီးနဲ့တော့်။ ပိုက်ဆံတွေ အများကြီးရှိမှ မမဦး ထုတ်ချင်တဲ့ ကဗျာစာအုပ်တွေလဲ ထုတ်ကြမယ်။ ပန်းချီဆရာတွေလဲ မော်ဒန်ပဲ ဖြစ်ဖြစ်၊ ဘာပဲ ဖြစ်ဖြစ် ဆွဲချင်တာ ဆွဲကြ ပလေ့စေ။ ပိုက်ဆံရှိမှ ကိုယ်လုပ်ချင်တာ လုပ်ရမှာဆို၊ လောလောဆယ်တော့ ခြံထဲက အိမ်လေးကို အမိုး ပြင်မိုးဦး၊ တော်ကြာ ဆရာကြီး မဟာဆွေရဲ့ စာအုပ်တွေ ရေစိုကုန်ပါ့မယ်။

တွေးချင်ရာ တွေးနေလို့ မဖြစ်သေးဘူးလ၊ လေးဆယ့်နှစ် အသေးလေး လာနေပြီ၊ တက်မှ၊ ဟင် ဟိုဘက်ခြမ်းက လေးယောက်၊ ဒီဘက် ခြမ်းကလည်း လေးယောက်၊ ဘယ်ဘက်က ထိုင်ရပါ့မလဲ။ ဒီဘက်မှာ ဝတဲ့သူ နှစ်ယောက်၊ ဟိုဘက်မှာ ဝတဲ့သူ တစ်ယောက်၊ ဟိုဘက်ခြမ်း ထိုင်မှ။ နေရာတကျ ထိုင်ပြီး ကျပ်တန် နှစ်ရွက်ကို ထုတ်၊ ပိုက်ဆံအိတ်ကို ပြန်သိမ်း၊ ပန်းချီကားကို လက်က ဖွဖွကိုင်။

“အစ်မကြီး ဟိုဘက် နည်းနည်း တိုးပါဦး”

စပယ်ယာ အပြောကြောင့် ဟိုဘက် တိုးသော်လည်း ဒီဘက် ထပ်တိုး၍ မရတော့။ အစ်မကြီး တစ်ယောက် တက်လာပြီး တိုးဝှေ့ထိုင်တော့ ပန်းချီကားလေးကိုပဲ မထိခိုက်မိအောင် ကာကွယ် နေရသည်။

“ကဲ ဆွဲတော့ ဆရာရေ၊ နောက်ထပ် ပိန်ပိန် တစ်ယောက် ရမယ်”

စပယ်ယာက အော်သည်။

အင်း နောက်ဆို တောင်တွေး မြောက်တွေးနဲ့ ညဥ့်နက်အောင် နေလို့ မဖြစ်ဘူး၊ မနက် စောစောထ လမ်းလျှောက်မှ၊ အေရိုးဗစ်တွေ ဘာတွေ တက်မှ၊ ရုံးကိစ္စတွေကို တက်လိုက်ဆင်းလိုက် များများ လုပ်ပေးမှ၊ ဒီအလုပ် လုပ်ပြီး ဒီလမ်းတွေ သွားနေသရွေ့ ငါ ပိန်မှ ဖြစ်မယ်။

-------------------
မိုးမိုး (အင်းလျား)
မဟေသီ၊ နိုဝင်ဘာ၊ ၁၉၈၉။
Credit to original author and uploader.