အိမ်ထောင်ရေးပုစ္ဆာ (ရွှေရည်ပိုင်မျိုး) - Zezawar-Sarpay

Breaking

Tuesday, 12 February 2019

အိမ်ထောင်ရေးပုစ္ဆာ (ရွှေရည်ပိုင်မျိုး)



အိမ်ထောင်ရေးပုစ္ဆာ
ဝတ္ထုတို(စဆုံး)

"ငါတို့ကွာရှင်းကြရအောင်"
ကျွန်တော်ပြောလည်းပြော သူမကိုလည်းကြည့်လိုက်စဉ် စားလက်စထမင်းကိုရပ်၍ ပန်းကန်သွားဆေးနေသော သူမအားတွေ့လိုက်ရတယ်။
"ငါပြောတာကြားလား အလင်္ကာ"
"ကြားပါတယ်ကို"
တိုးတိတ်တဲ့သူမအသံတွေက ကျွန်တော့်ကိုပျော်စေတယ်။
"ကျေးဇူး...
ငါ ယမင်းကို မင်းထက်ပိုချစ်တယ်"
အလင်္ကာ မျက်ရည်များဝဲလာခြင်းအား လစ်လျူရှုပစ်လိုက်သည်။
"တစ်ခုလောက် တောင်းဆိုပါရစေကို"
"ပြောပါ..ရပါတယ်"
"ကျမတို့နှစ်ယောက် ကွာရှင်းတာ သားလေးကိုမသိစေချင်ဘူး။ သားကသိပ်ငယ်သေးတယ်ကို။ ခုချက်ချင်းကြီး ကွာရှင်းလိုက်ရင် သားက ကို့ကိုမုန်းသွားနိုင်တယ်။ ဒီတော့..."
"အင်း....."
"ကျမအပေါ်မှာ အရင်ထက် တစ်လလောက်ပဲ ပိုကြင်နာပြပါကို။ တစ်လပြည့်တာနဲ့ ကို့လက်ထဲကို ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးပေးပြီးသား အဆင်သင့် ထည့်ပေးပါ့မယ်"
"မင်းတကယ်ပြောတာလား အလင်္ကာ"
အလွယ်တကူ ကွာရှင်းခွင့်ပေးမည်ဆိုသောကြောင့် ကျွန်တော်ထခုန်မိမတတ်ပျော်သွားတယ်။
"တကယ်ပါကို"
"ကောင်းပြီလေ...
မင်းသာ ကတိတည်ပါ။ ငါဘယ်လိုကြင်နာပေးရမလဲ တစ်ခါတည်းပြောလေ"
"မနက်တိုင်းမနက်တိုင်း ကိုအလုပ်မသွားခင် ကျမနဖူးလေးကိုနမ်းသွားပါကို။ အလုပ်က ပြန်ရောက်ရင်လည်း ကျမနဖူးလေးကို နမ်းပါ။ ညအိပ်ယာမဝင်ခင် ကျမကိုပွေ့ချီပြီး ကျမအခန်းထဲ လိုက်ပို့ပေးပါကို။ သားလေးကိုလည်း ကျမလိုပဲ ကြင်နာစွာ ဆက်ဆံပေးပါ"
သူမတောင်းဆိုမှုတွေ သိပ်မများလှ၍ ကျွန်တော်အလွယ်တကူ ခေါင်းညိမ့်လက်ခံလိုက်တယ်။
"ကောင်းပြီလေ။ တစ်လပြည့်ရင်တော့ မင်းသာ ကတိတည်ပါစေ"
အလင်္ကာ မျက်ရည်များကြားထဲမှ ခေါင်းညိမ့်ပြလိုက်တယ်။
"စိတ်ချပါကို"
ဟိန်းကျော်ဇောတစ်ယောက် မိမိရဲ့ ဆံပင်ညှပ်ဆိုင်လေးမှာ ဆံပင်အလှပြင်သူ မိန်းကလေးတွေ ပိုများလာခြင်းအပေါ် ဝမ်းသာပီတိ ဖြစ်နေမိတယ်။ ထိုအထဲမှ သူမ တစ်ယောက်လည်း အပါအဝင်ဆို မှားအံ့မထင်။
"မောင်"
ယမင်းရဲ့ ခပ်နွဲ့နွဲ့ခေါ်သံကြောင့် ကျွန်တော်အရည်ပျော်မိတာလည်းအမှန်။
"မောင့်မဟေသီက ဘယ်တော့များမှ ကွာရှင်းပေးမှာလဲကွာ။ မစောင့်နိုင်တော့ဘူး"
အလင်္ကာနဲ့ဘာမှမဆိုင် အပေါ်ယံအပြင်အဆင်တွေနဲ့ လူကိုဖမ်းစားထားသော ယမင်းအား ကြည့်မဝတဲ့မျက်လုံးတွေနဲ့ တစိမ့်စိမ့်ငေးကြည့်နေရင်း
"တစ်လအတွင်း ကွာရှင်းပေးပါမယ်တဲ့"
"အို...တကယ်ပဲလား။
ပျော်လိုက်တာမောင်ရယ်။
အဲဒီ့တစ်လလေးတောင် မစောင့်နိုင်တော့ဘူး။
မြန်မြန်ရောက်ချင်မိပြီ"
"မောင်ရောပဲချစ်ရယ်..."
ခါတိုင်း သားကို ပစ်ထားမိတဲ့ကျွန်တော် အလင်္ကာရဲ့ တောင်းဆိုမှုကြောင့် သားကို အချိန်အနည်းငယ်ပေးဖြစ်လာတယ်။ သားတတ်တဲ့မူကြိုထဲ အထူးအဆန်း ကိုယ်တိုင်လာကြိုသောကျွန်တော့်ကြောင့်
သားပြေးလွှားခုန်ပေါက်နေရင်း ပျော်နေခဲ့တယ်။
"ဖေကြီး သားကို လာကြိုတယ်"
"ဒါပေါ့ သားရ..
သား ဘာစားချင်လဲ။ ဖေကြီးဝယ်ကျွေးမယ်"
"မေကြီးက ထောပတ်ထမင်းကြိုက်တယ်တဲ့။
သားလည်းကြိုက်တယ်"
"ဒါဆို သားက ထောပတ်ထမင်း စားမယ်ပေါ့"
"မေကြီးလည်း ကြိုက်တယ်တဲ့"
"ဟုတ်ပါပြီဗျာ...
သားမေမေအတွက်ပါ ဝယ်သွားမယ်လေနော်"
သားပျော်ရွှင်စွာ ခေါင်းညိတ်ပြီး ပတ်ပြေးနေတော့ သားရဲ့အပျော်တွေက ကျွန်တော့်ဆီ ကူးစက်စေတယ်။
မနက်တိုင်း သူမ နဖူးလေးကို နမ်းပြီး အလုပ်သွားတတ်သော ကျွန်တော့်ကြောင့် သားတစ်ယောက် ချောင်းကြည့်နေရင်း ပျော်နေခဲ့တယ်။ အိမ်ပြန်ရောက်တိုင်းလည်း သူမကို အနမ်းနဲ့နှုတ်ဆက်လိုက်တယ်။ ညတိုင်း သူမ ကိုယ်လေးကို ပွေ့ချီပြီး သူမအခန်းသို့ ဝတ္တရားမပြတ် ပို့ပေးနေမိတယ်။
အလင်္ကာတစ်ယောက်လည်း အိမ်ထောင်ရှင်မပီပီ ကျွန်တော့်အပေါ် တခါမှ ဝတ္တရားမပြတ်စွာ အလုပ်ကျွေးပြုနေခဲ့တုန်းပါပဲ။ သူမကို ပွေ့ချီနေရင်း တစ်နေ့တခြား ပိန်ပိန်လာတဲ့ သူမကို ကျွန်တော်သတိထားမိလာသည်။ သူမခန္ဓာကိုယ်က တစ်ရက်ထက်တစ်ရက် ပိုပိုပေါ့လာခဲ့တယ်။ တာဝန်ကျေပွန်ရုံသာ ပြုလုပ်နေရသည်မို့ ကျွန်တော်မမေးဖြစ်ခဲ့တာ အမှန်။
"မင်္ဂလာညချမ်းပါကို။
အိပ်မက်လှလှမက်ပါစေ"
သူမကို ကြမ်းပြင်ပေါ် ချလိုက်စဉ် ကျွန်တော့်မေးစေ့လေးကို မော့နမ်းလိုက်၍ ကျွန်တော် ခေတ္တ အံ့သြသွားခဲ့ရတယ်။
"အင်း...
အိပ်မက်လှလှမက်ပါစေ"
ဒီခံစားချက်မျိုးက သူမနဲ့ကျွန်တော် ချစ်သူဘဝတုန်းက ခံစားချက်မျိုးနဲ့ အလားသဏ္ဍာန်တူတယ်။ 
ရထားကြီးဆယ်စင်း ကျွန်တော့် ရင်ကို ဖြတ်တိုက်ပြေးသွားသလို ကျွန်တော်ရင်တွေခုန်လာခဲ့တယ်။
ဒါ.....
သူမနဲ့ပတ်သက်ပြီး ကျွန်တော့်ရင်တွေ ပူနွေးလာခဲ့တာအမှန်။
ကျွန်တော့် ခြေလှမ်းတွေက ယမင်းအိမ်သို့ အပြေးသွားပြီး အိမ်ရှေ့တံခါးကို ခေါက်ပစ်လိုက်တယ်။
"ဟင်....မောင်ပါလား။
မပြောမဆိုနဲ့....
ယမင်းကို လွမ်းလို့ အပြေးလာခဲ့တာလား"
"sorryယမင်း
ကိုယ့်မိန်းမကို မကွာရှင်းနိုင်တော့ဘူး။
ကိုယ့်ကို ခွင့်လွှတ်ပါ"
ပြောပြီး လှည့်ထွက်လာသောကျွန်တော့်ကြောင့် ယမင်းတစ်ယောက် အံ့သြရင်း ကျန်ရစ်ခဲ့မယ်မှန်း လှည့်မကြည့်မိဘဲ အလိုလိုသိလိုက်တယ်။
"ဖေကြီး....."
"သား...."
သားကို ပြေးပွေ့ပြီး ဖက်နမ်းလိုက်တော့ သားတစ်ယောက် ကျွန်တော့် အပြုအမူအတွက် အံ့သြနေခဲ့ရင်း..
"ဒီနေ့ ဖေကြီးနဲ့ သားမေမေတို့ရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့သားရဲ့။ သားမေမေကြိုက်တဲ့ ထောပတ်ထမင်းတွေ ဝယ်သွားရင်း မေမေ့ကို အံ့သြသွားအောင် လုပ်ရအောင်"
"ဟုတ်ကဲ့ဖေကြီး"
သားကိုပွေ့ချီရင်း ကျွန်တော့်ရဲ့ အိမ်အပြန်လမ်းက သိပ်ကိုလှပခဲ့ရပါတယ်။ အိမ်ရှေ့တံခါးခေါက်လိုက်တော့ တစ်အိမ်လုံး တိတ်ဆိတ်နေ၍ သားကို အောက်သို့အသာအယာချပြီး သော့ဖွင့်၍ ဝင်လာခဲ့လိုက်တယ်။
"အလင်္ကာရေ...."
"မေကြီး...."
မီးဖိုချောင်ထဲ ဝင်လိုက်တော့ အထူးပြင်ဆင်ထားတဲ့ ထမင်းဝိုင်းကြီးက ကျွန်တော့်ကို အံ့သြစေတယ်။
"မင်္ဂလာနှစ်ပတ်လည်နေ့ပါကို။ ပျော်ရွှင်ပါစေ"
"ဖေကြီး ဖေကြီး....
မေကြီး အိပ်ပျော်နေတယ်။ နှိုးလို့မရဘူး"
"ဟင်....!!"
သားခေါ်သွားသည့်နေရာကို ကျွန်တော်အပြေးသွားလိုက်တော့..
"အလင်္ကာ...!!"
ရေချိုးခန်းရှေ့ လဲကျနေသော သူမအား တွေ့လိုက်ရတယ်။ သူမ လက်တစ်ဖက်မှာ ဆေးဗူးကိုင်ဆောင်ထားရင်း တစ်ဖက်မှာ ကွာရှင်းစာချုပ်ကို ကိုင်ဆောင်ထားတယ်။
ရဲတွေ အိမ်ထဲ ရှုပ်ရှပ်ခက်နေချိန် ကျွန်တော် သူမ နံဘေး ထိုင်နေလျက်နဲ့ အတိတ်မေ့နေသူတစ်ယောက်လို လောကကြီးနဲ့ အဆက်သွယ်ပြတ်တောက်နေခဲ့တယ်။
"ဒီဆေးတွေက နှလုံးရောဂါသမားတွေ သောက်တဲ့ဆေးတွေပါ။ ခင်ဗျား အမျိုးသမီးမှာ နှလုံးရောဂါရှိမှန်း ခင်ဗျားမသိခဲ့ဘူးလား။
Heart attack ( နှလုံးခုန် ရပ်တန့်) ဖြစ်ပြီး သေဆုံးသွားခဲ့ရတာပါ"
ဟင့်အင်း.......
ကျွန်တော် ဘာမှမကြားချင်တော့။
ကျွန်တော့်ဘဝဟာ မှောင်အတိ.....။

ပြီးပါပြီ။            ။
Writer- ရွှေရည်ပိုင်မျိုး ( Shwe Ye Paing Myo ) 
{ အင်္ဂလိပ်ဝတ္ထုမှ အတွေးအခေါ်အနည်းငယ် မြန်မာမှု ပြုထားပါတယ် }