📚 " I´m possible "
(ငါဖြစ်နိုင်တယ်)
တစ်ခါတုန်းက သားဖနှစ်ယောက် မြစ်ကမ်းဘေးမှာထိုင်ပြီး စကားပြောနေကြတယ်။
" သား ဖေဖေ့ကို ရေပေါ်မှာ ပုံတစ်ပုံလောက် ဆွဲပြပါလား "သားက အဖေ့ကို နားမလည်သလို ကြည့်လိုက်ပြီး
" ဟာ ဖေဖေကလည်း ရေပေါ်မှာ ဘာအရုပ်မှ ဆွဲလို့မရဘူးလေ။ရေပေါ်မှာ အရုပ်ရေးလို့မှ မရတာ "
" ကြိုးစားကြည့်ပါအုံးသားရဲ့ ရချင်ရမှာပေါ့ "
သားက ခေါင်းခါလိုက်ပြီး
" ဒါက မဖြစ်နိုင်ဘူး ဖေဖေ။လုံးဝမဖြစ်နိုင်တဲ့ကိစ္စပါ " ..." ဒီမှာကြည့် သား "
အဖေဟာ ခဲတစ်လုံးကို ကောက်ယူလိုက်ပြီး မြစ်ထဲကို ပစ်ချလိုက်ပါတယ်။ခဲကျတဲ့နေရာမှာ ရေတွေဟာ စက်ဝိုင်းပုံသဏ္ဍာန်န် ပြန့်ထွက်သွားပါတယ်။
" ရေပေါ်မှာ ဘာပုံတွေ မြင်လိုက်ရလဲသား "
" စက်ဝိုင်းပုံတွေပါ ဖေဖေ "
" မှတ်ထားသား မဖြစ်နိုင်ဘူးဆိုတာ မကြိုးစားကြည့်ရသေးလို့ပါ။ကြိုးစားရင် ဖြစ်လာနိုင်တယ်။ဘယ်တော့မှ ကိုယ့်ကိုယ်ကို အထင်မသေးပါနဲ့ "
ကျွန်တော်တို့ဘဝမှာ မဖြစ်နိုင်ဘူးထင်ပြီး လစ်လျူရှုလိုက်မိတဲ့အရာတွေ အများကြီးရှိပါတယ်။သူများတွေ လုပ်နိုင်သွားမှ "သြော် ဒီလိုကိုး" "လွယ်လွယ်လေးပါလား"ဆိုတဲ့ အတွေးတွေနဲ့ နောင်တတွေလည်း ရခဲ့ဖူးပါတယ်။ဘယ်အရာကိုမှ အမြင်နဲ့တင် ဆုံးဖြတ်လို့မရပါဘူး။လက်တွေ့ကျကျ ကြိုးစားကြည့်မှ သေသေချာချာ သိရတာပါ။
လိုချင်တာကို ရဖို့ဆိုရင်တော့ ထင်သလောက် မလွယ်ကူပါဘူး။တန်ဖိုးကြီးလေ အားထုတ်ရမှု ပိုများလေပါပဲ။နည်းနည်းလေး ကြိုးစားကြည့်ရုံနဲ့ မရဘူးဆိုပြီး လက်လွှတ်မပစ်သင့်ပါဘူး။အခက်အခဲ အတားအဆီး အနည်းငယ်ကြုံရရုံနဲ့ "မဖြစ်နိုင်ဘူး"ဆိုပြီး ဆက်မကြိုးစားတော့ဘူးဆိုရင် သင်လိုချင်တာကိုလည်း လက်လွတ်သွားလိမ့်မယ်။လူတွေက ကိုယ့်ကိုယ့်ကို သိပ်အထင်သေးကြတယ်။ဒီလိုနဲ့ အောင်မြင်တဲ့ဘဝတွေနဲ့ ဝေးခဲ့ကြရတယ်။
ကျွန်တော်တို့တွေဟာ ကိုယ့်ကိုယ်ကို အထင်သေးစွာနဲ့ " Impossible "ဆိုတဲ့ စကားလုံးကို စိတ်ကြိုက်သုံးစွဲနေကြပါတယ်။ဟိုဟာဆိုလည်း " Impossible " ဒီဟာဆိုလည်း " Impossible " ဒီစကားလုံးကိုပဲ တွင်တွင် သုံးနေကြပါတယ်။တစ်ခါတစ်ရံလည်း ကိုယ့်ကိုယ်ကို အလွန်သနားပြီး သက်ညှာသောအားဖြင့် " Impossible "ကို သုံးတတ်ပြန်ပါသေးတယ်။ပထမနှစ်ကျောင်းသားဘဝတုန်းက ကျူရှင်ဆရာမက စာမေးပွဲနားနီးကာမှ စာတွေ ထပ်ပေးတယ်။အပုဒ်ရေတွေ ထပ်တိုးလာတယ်။ဒီတော့ ကျွန်တော်တို့ ကျောင်းသားတွေက ညည်းညူကြတာပေါ့။"ဆရာမ သားတို့/သမီးတို့ မရတော့ဘူး။ဒီစာတွေကို ခေါင်းထဲထပ်ထည့်နိုင်မှာ မဟုတ်တော့ဘူး။မရတော့ဘူး။မဖြစ်နိုင်တော့ဘူး"ဆိုပြီး စိတ်ပျက်ညည်းညူကြတယ်။အဲဒီအခါ ဆရာမက "နင်တို့က နင်တို့ကိုယ်နင်တို့ သိပ်သနားတာပဲ"တဲ့။
ဟုတ်ပါတယ်။ကျွန်တော်တို့က ကိုယ့်ကိုယ်ကိုသနားပြီး " Impossible "လို့ ပြောကြတာပါ။ဒါပေမယ့်လည်း ကိုယ့်ကိုယ်ကို သနားတာထက် စာမေးပွဲကျမှာကို ကြောက်တဲ့အခါ ထပ်မကျက်နိုင်တော့ဘူးလို့ထင်တဲ့စာတွေကို ခေါင်းထဲကို အရောက်ထည့်နိုင်ခဲ့ပါတယ်။တစ်ခါတစ်ရံမှာ ကျွန်တော်တို့ထင်ထားတာထက် ကျွန်တော်တို့ပိုလုပ်နိုင်တယ်ဆိုတာ တွေ့ရပါတယ်။ကျွန်တော်တို့စိတ်မှာ စွမ်းအင်တွေ အများကြီးရှိတယ်။အဲဒီစွမ်းအင်တွေဟာ အရေးကြုံရင်ကြုံသလို ပေါ်လာတတ်ကြတယ်။အဓိကကတော့ ကြိုးစားကြည့်ဖို့ပါပဲ။"Impossible"ဆိုတဲ့ စကားလုံးကိုပဲ သုံးနေမယ်ဆိုရင်တော့ သင့်ဘဝမှာ ဘယ်အရာမှ "Possible "ဖြစ်လာမှာ မဟုတ်ပါဘူး။
ကမ္ဘာပေါ်က Great inventor တွေဟာ ဘယ်တော့မှ "Impossible"လို့ မပြောကြပါဘူး။သူတို့လိုချင်တာ၊ဖြစ်ချင်တာတွေကို မရရအောင် ကြိုးစားကြတယ်။ဒါ့ကြောင့် Great Inventionတွေကို ပြုလုပ်နိုင်ကြတာပေါ့။New inventionတွေအတွက် သူတို့ဘယ်တော့မှ "Impossible"ကို မသုံးကြပါဘူး။"Impossible"(မဖြစ်နိုင်ဘူး)ဆိုတဲ့ စကားလုံးကို နည်းနည်းလောက်ပြင်ကြည့်ရအောင်။"I´m possible"လို့ ပြင်လိုက်ရင် (ငါဖြစ်နိုင်တယ်)ဆိုတဲ့ စကားလုံးဖြစ်သွားတယ်။ဒီလိုပဲ ကျွန်တော်တို့ဘဝမှာလည်း "မဖြစ်နိုင်ဘူး"ဆိုတဲ့စကားကို တွင်တွင်သုံးနေမယ်အစား လှုပ်ရှားပြီးကြိုးစားကြည့်လိုက်စမ်းပါ။ပြင်းပြတဲ့စိတ်ဆန္ဒနဲ့ ယုံကြည်မှုပေါင်းစပ်လိုက်တဲ့အခါ သင်လိုချင်တာတွေဟာ ရုပ်လုံးပေါ်လာမှာ အမှန်ပါပဲ။
📝 အလင်းသစ်(သဲကုန်း)