ထာဝရ မင်း
အခန်းဆက်ဝတ္ထုရှည်
အခန်း (၁)
……………………………………………
''မိချိုရေ ဖြေးဖြေးလုပ်…အထဲမှာ အရေးကြီးတာတွေရှိတယ်''
ခြေလှမ်းတွေထပ်မတတ် အထုတ်သယ်ပြီး အခန်းထဲဝင်သွားတဲ့
မိချိုသဲ ဆိုသည့် ကောင်မလေးကို
စိုးရိမ်မကင်းအော်ပြောလိုက်သည်။
ရှိသမျှ ပြတင်းပေါက်တွေကို အကုန်လိုက်ဖွင့်၏။
ပြတင်းပေါက်ကနေတစ်ဆင့် ထိုးဝင်လာတဲ့
နေအလင်းရောင်ကို မျက်နှာမူပီး လက်နှစ်ဖက်ကို
ဖြန့်ထားလိုက်သည်။
လွတ်လပ်သည် ဆိုတာ… ဒါမျိုးလား…
မျက်လုံးမှိတ်လျက် တစ်ယောက်တည်း ပေါ့ပါးလွတ်လပ်သည့် အရသာကို ခံစားနေမိသည်။
ဒီတိုက်ပုအိမ်လေးထဲမှာ ကိုယ်တစ်ယောက်တည်း နေရမည်။
စာကို အေးအေးဆေးဆေး ကျက်လို့ရတော့မည်။
မကွေးမှာ အဆောင်နေရတုန်းကလို မဟုတ်တော့ပေ။
စာကျက်ချိန်ရောက်လျှင် တစာစာနဲ့ အော်ကျက်မည့်
အသံတွေလည်း ကြားရမည်မဟုတ်တော့။
ထို့အတွက် ဖေဖေ့ကို ကျေးဇူးတင်သည်လေ။
အတော်အသင့် သုံးဖြုန်းနိုင်သည့် မိသားစုဖြစ်သည့်တိုင်
ဖေဖေက မလိုအပ်လျှင် ဘယ်နေရာမှာမှ ပိုက်ဆံ မဖြုန်းစေချင်ပေ။ သို့ပေမယ့် ပိုးရဲ့ ပညာရေးအတွက်ဆို လိုအပ်သမျှ
တစ်ခွန်းတည်းပြောလိုက်တာနဲ့ ဖြည့်ဆည်းပေးမြဲဖြစ်သည်။
ဒါကြောင့် ချစ်တယ် ဖေဖေရေ…
ပြတင်းပေါက်နားမှာ ရပ်ပြီးမျက်လုံးမှိတ်ပြုံးနေမိရာမှ
ကားသံကြောင့် ချက်ချင်း မျက်လုံးဖွင့်လိုက်မိသည်။
အကြည့်က တစ်ဖက်ခြံဘက်ကို ချက်ချင်းရောက်၏။
ခြံဝင်းကြီးက ကျယ်ပေမယ့် အိမ်လေးက
အနောက်ဘက်ပိုရောက်နေ၏။
အိမ်ရှေ့မှာ မြက်ခင်းပြင်နဲ့ နေရာလပ် ချန်ထားတာ
ဘာလုပ်ဖို့ပါလိမ့်။
တစ်ခုခုအတွက်များ ရည်ရွယ်ပြီး ချန်ထားတာလား။
ကြည့်နေတုန်းမှာပဲ ကားထဲမှ…
''အမလေး''
ခွေးလား…အဲဒါ…
မည်းနက်နေတဲ့ အမွှေးအမျှင်ပွပွကြီးတွေနဲ့
တော်တော်ကြီးတဲ့ခွေးပင်။
ကားထဲက ထွက်လာတဲ့ လူတစ်ယောက်နဲ့အတူ
ထိုခွေးကြီးလည်း အိမ်ထဲဝင်သွားလေသည်။
ထိုစဉ်…
''မပိုး…ကျွန်မ ပြန်တော့မယ်''
ပိုးလှည့်ကြည့်ကာ ပြုံးပြရင်း…
''ကျေးဇူးတင်ပါတယ် ချိုချို…ဖြေးဖြေးနော်''
''ရပါတယ် မမရဲ့…ကျွန်မလာလည်လို့ရတယ်မလား''
''ရတာပေါ့…ကြီးမြင့်ကိုလည်း နောက်ကျရင်
ပိုးလာလည်မယ်လို့ ပြောပေးပါဦး''
''ဟုတ်ကဲ့''
ခြေလှမ်းသွက်သွက်နဲ့ ထွက်သွားတဲ့ ခင်ဝေချို ဆိုသည့်
ကောင်မလေးကို ကြည့်နေရင်း ပိုး ပြုံးလိုက်မိသည်။
မေမေနဲ့ ကြီးမြင့် ရဲ့ ခင်မင်မှုက ဘယ်လောက်ထိ နက်ရှိုင်းသည် မသိ။
မေမေ့သမီးဖြစ်တဲ့ ပိုးကို ဒီလောက်ထိကူညီတာ
သာမာန်သူငယ်ချင်းသံယောဇဉ်တော့မဟုတ်ဘူး ထင်သည်။
နောက်နေ့ အလည်သွားပါဦးမည်။
…………………………………>>>>>
''ပြန်ရောက်ပြီလား''
အိမ်ထဲဝင်လိုက်တာနဲ့ ကြားလိုက်ရသည့် အသံ…
တွေ့လိုက်ရသည့်လူကြောင့်…
မင်း သက်ပြင်းတစ်ချက်ချကာ ချွတ်ကိုင်ထားသည့်
အပေါ်ထပ်အင်္ကျီကို ဆိုဖာခုံရဲ့ အမှီပေါ်မှာ တင်ထားလိုက်ရင်း…
''ဘာလာလုပ်တာလဲ''
''မင်းနဲ့ အတူနေဖို့လာတာလေ…ငါ တိုက်ခန်းရှာမရသေးလို့''
မင်း မျက်မှောင်ကြုတ်လိုက်၏။
ပြီးမှ…
''ငါ့အိမ်က ဇရပ်မို့လား''
''မင်းကွာ… တိုက်ခန်းရှာတွေ့တဲ့ချိန်ထိပဲ''
''မရဘူး''
''မရလည်း အိပ်ပြီ…အရမ်းပင်ပန်းလို့''
''နှိုင်းထက်သာ!''
မင်း အသံအနည်းငယ် မြင့်တက်သွား၏။
မျက်မှောင်ကြုတ်ထားတာကလည်း မပြေသေး။
''ကျစ်!!''
ဘာမှ ဆက်မပြောတော့ဘဲ 'ကျစ်' တစ်လုံးသာထွက်ပြီး
ကိုယ့်အခန်းကိုယ် ဝင်သွားလေသည်။
နှိုင်းထက် တစ်ယောက် ပြုံးပြီး ကျန်ထားလေ၏။
သိသည်။
သူ ဘာမှ မပြောတော့ဘူးဆိုရင် ခွင့်ပြုလိုက်ပြီ
ဆိုသည့် အကြောင်း…
………………>>>>>>>>>>>>>>
''ဘာသံလဲ''
စာစကျက်ဖို့ ထိုင်လိုက်တာနှင့် ကြားလိုက်ရသည့် ဂီတာသံ…
ဒေါသက ထောင်းခနဲထွက်၏။
အေးဆေး စာလုပ်ချင်လို့ မှ ဒီလိုလာနေတာ…
ခုတော့ ဂီတာသံတဲ့လား…
ခဏအကြာတော့ သီချင်းသံပါ ပါလာ၏။
''🎶မင်း… မျှော်လင့်ခြင်း ကြယ်လိုသိပ်ဝေးလွန်းခဲ့တယ် …
ဒါအခက်အခဲပဲ…ယုံကြည်နေသောအချစ် မဆုံဘူး…🎶
ငါအရောက်လာခဲ့မယ်…ပျော်ရွှင်ခြင်း…🎶''
အတိုင်းသား ကြားနေရသည်။ ဘယ်ကနေ ဆိုနေတာပါလိမ့်။
ပြီးတော့ ဘာလို့ ဒီလောက်အကျယ်ကြီးကြားနေရတာလဲ။
နားအုပ်နားကြပ်ကို ကောက်တပ်လိုက်သည်။
''ဟာ…ခုထိ ကြားနေရသေးတယ်''
တစ်ယောက်တည်း ညည်းလိုက်၏။
ထရပ်ပြီး ပြတင်းပေါက်ကို ဖွင့်လိုက်သည်။
အသံလာရာကို တန်းပြီး လှည့်ကြည့်နိုင်သည်ထိ
ထိုအသံက ကျယ်၏။
တွေ့ပြီ…တရားခံ…
တစ်ဖက်ခြံက ဒန်းပေါ်မှာ ထိုင်ပြီး
ဂီတာတည်းနေသည့်လူတစ်ယောက်…
''ကျစ်''
ဒီပုံနှင့်ဆို စာကျက်နိုင်မှာမဟုတ်ပေ။
''ရွှတ်''
နှာခေါင်းကပိတ် နှာကစေးရသည့် အထဲ…
ဒီလို အသံနဲ့ဆို တကယ် စာကျက်လို့ရမည်မဟုတ်။
''🎶🎶တကယ်ဆို မေ့ပစ်လိုက် 🎶🎶နာကျင်ခြင်းတွေ မေ့ထားလိုက် အမျှော်လင့်ဆုံးကလေးရေ 🎶ဒီလိုတို့တွေဆုံတွေ့ခိုက် ရွှေရောင်တောက်ပလွန်းတဲ့ မင်းဘဝလေးထဲ မင်းနေပါ…🎵''
မရတော့ပါ။
ပိုး ထရပ်လိုက်ကာ ခြေလှမ်းတို့က အိမ်တံခါးဝဆီသို့…
……………………………>>>>>>
''ဒီမှာ ရှင့်…''
''ဒီမှာ…အိမ်ရှင်!''
ဒီလောက်အကျယ်ကြီးအော်တာတောင် ဘာမှပြန်မတုံ့ပြန်တဲ့လူ…
ဘာသီချင်းတွေ ဒီလောက်ဖီးလ်ပြီး မျက်လုံးပိတ်အော်ဆိုနေလဲမသိ။
''အိမ်ရှင်!…သီချင်းဆိုတာ ရပ်ပေးလို့မရဘူးလား''
အသံကုန်အော်လိုက်မှ တစ်ဖက်အသံတိတ်သွားလေ၏။
ပြီးတော့ ခြံတံခါးဝနားကို တဖြည်းဖြည်း
လမ်းလျှောက်လာသည့် ထိုလူ…
ပိုး ဒေါသကို အတည်ငြိမ်ဆုံးဖြစ်အောင် ထိန်းထား၏။
''ဘယ်သူလဲ မသိဘူး''
တံခါးမဖွင့်ဘဲ ခြံထဲကနေ မေးနေသည်ကြောင့်
ရုတ်တရက် သွေးဆူလာသည်…
သံပန်းတံခါးရဲ့ သံချောင်းတွေကို လက်နှစ်ဖက်လုံး နှင့်
ဖိကိုင်လိုက်ကာ …
''ညကြီးမိုးချုပ် သီချင်းအကျယ်ကြီးအော်ဆိုနေရအောင်
တစ်ရပ်ကွက်လုံးကို ရှင်ပိုင်တာမဟုတ်ဘူးရှင့်''
ပိုး ရဲ့အပြုအမူကြောင့် နှိုင်းထက် ရုတ်တရက်
ဘာပြောရမှန်းမသိကာ မျက်နှာသေနှင့်ကြည့်နေမိလေ၏။
လာပြီး အော်ပြောနေသည့် မိန်းကလေး…ဟုတ်သည်
အသံအရ မိန်းကလေးပဲဖြစ်မှာပါ။
သူမဝတ်ထားတဲ့ အနွေးထည်ထူပွပွမှာ အင်္ကျီနှင့် ကပ်ပါသည့်
ဦးထုတ်ကိုလည်း ဆွဲဆောင်းထားသေးသည်။
လည်ပင်းမှာလည်း သိုးမွှေးလား ဘာမွှေးလည်း မသိရတဲ့
အနွေးတဘက်ထူထူကို ပတ်ထားလေသဖြင့် မျက်နှာကို
သေချာမမြင်ရဘဲနေသည်။
''နေပါဦး…ကိုယ့် အသံက အဲလောက်ကျယ်လို့လား…
ခါတိုင်းလည်း ဆိုနေကျကို ခုလို လာအော်ပြောတဲ့လူမရှိပါဘူး…
မင်းက ဘယ်အိမ်ကလဲ''
''ရှင်က ခြံဘေးကပ်ရပ်မှာ ဆိုနေတာလေ…
ရှင်တို့အိမ်နဲ့ အဲနေရာ ကဝေးပေမယ့် ကျွန်မစာကျက်တဲ့နေရာနဲ့ တော့ တော်တော်နီးလို့ အနှောင့်အယှက်ဖြစ်တယ်ရှင့်''
ပိုးနေသည့် တိုက်ပုလေးဘက်ကို အကြည့်ရောက်ရင်း …
နှိုင်းထက်က…
''သြော်…မင်းက ဒီဘက် အိမ်ကလား''
''ဘာဖြစ်ဖြစ်ပါ…ည 9နာရီတောင်ခွဲနေပြီ…
လူငယ်လည်းမဟုတ်တော့ဘဲနဲ့ ပတ်ဝန်းကျင်ကို
အနှောင့်အယှက်မပေးပါနဲ့တော့…ကျွန်မလည်း စာကျက်ရမှာမို့''
ကောင်းကောင်းပြောလို့ရမည့် ပုံစံဆိုတာ နားလည်သွားတာနဲ့
ပိုးလည်း အနည်းငယ်နိမ့်ကာ ပြောလိုက်သည်။
''ဟုတ်ပါပြီ…အနှောင့်အယှက်ဖြစ်တယ်ဆို ဆောရီးနော်…
မတီးတော့ဘူး''
''အင်း…ကျေးဇူးပဲ''
တိုတိုတုတ်တုတ်ပြောပြီး ပိုး လှည့်ထွက်လာခဲ့သည်။
''ဟေ့ ဒါနဲ့…မင်းက ဘာကျောင်းတက်နေတာတုန်း''
ပိုး လှည့်ကြည့်လိုက်သည်။
''စာအများကြီးကျက်ရတဲ့ကျောင်းရှင့်''
တစ်ခွန်းတည်း ပြန်အော်ပြောပြီး ကိုယ့်အိမ်ဘက်ကို
ပြန်လာခဲ့သည်။
ဘာကျောင်းတက်နေတာတုန်း လို့ပြန်မေးခဲ့ပုံက
ပိုးကပဲ မလိုအပ်ဘဲ သူ့ကို လာပြောသလို။
မယုံသလိုနဲ့။
………………………>>>>>>>>>
အခန်း ၂ ဆက်ရန်…
အခန်း ၂ ရှည်ရှည်လေးရေးပေးမယ်🖤
မတ်မတ်ပန်းချီ🌹