ထာဝရ...မင်း (၇) (ရွှေပန်းချီ) - Zezawar-Sarpay

Breaking

Thursday, 2 May 2019

ထာဝရ...မင်း (၇) (ရွှေပန်းချီ)

ထာဝရ…မင်း
အခန်း (၇)
………………………………

''အချိန်တွေ ကုန်လွန်ပြီးဆုံးကာ ပြောင်းလဲ သွားပြီလား…🎶
ဒီနေရာဟာ ကိုယ့်အတွက် သူစိမ်းလူ ဖြစ်သွားမလား…🎶
ရင်ခွင်မှာ အချစ်ဆုံးမင်းကို တောင်းဆုချွေပြန်ဆုံဖို့…🎶
အကြင်နာတွေနဲ့ အိပ်မက်ကို အသက်သွင်းကာ🎵🎵…''

မန္တလေးFM က လာနေသည့် သီချင်းကလည်း အလိုက်မသိ။
အာဇာနည်ရဲ့ နောက်ဆုံးရင်ခွင်လား။
မသိရင် ပိုးတို့ ဇာတ်လမ်းကို ဆိုပြနေသလိုပင်။
ဘာမှမဆိုင်ပေမယ့် ပိုး ကိုယ့်ကိုယ်ကို မလုံမလဲဖြစ်ကာ
ခေါင်းငုံ့ထားမိသည်။

''နှိုင်းထက်ကို စောင့်နေတာလား ခုနက''

''ရှင်!''
''ဟုတ်တယ်…ပထမရက်မို့ အစ်ကို့ကားနဲ့ လိုက်ခဲ့တာ''

''အစ်ကို'' ဆိုတာ နှိုင်းထက်ကို ခေါ်တာလား။
အစ်ကို လို့ ခေါ်ရလောက်တဲ့ထိတောင် ရင်းနှီးသွားကြပြီပေါ့။
ဟုတ်မှာပေါ့လေ…ကိုယ်ဂျပန်သွားခဲ့တာ ၂နှစ်နီးပါးလောက်ရှိသည်။
ဒီကြားထဲ ဆေးရုံမှာ တွေ့ကြမည် အိမ်နီးချင်းတွေလည်း
ဖြစ်တယ် ဆိုတော့ မရင်းနှီးသွားစရာအကြောင်းမရှိ။
ပြီးတော့ ဒီကောင် နှိုင်းထက်ကလည်း ဥစ္စာပေါရုပ်ချော
ခင်တတ်မင်တတ် စကားပြောတတ်သေးသည်။

''မင်းနဲ့နှိုင်းထက်နဲ့က ဘာတွေလဲ''

''ရှင်!''
မေးတော့လည်း ဘလိုင်းကြီး။ ဘယ်လိုသဘောနှင့်မေးတာလဲ မသိ။ ပိုး နားမလည်သလို သူ့ကို ကြည့်လိုက်သည်။

''ဘာကိုပြောတာလဲ ဆရာ…ကျွန်မနဲ့ ဆရာနှိုင်းထက်ကိုလား''

''ဟုတ်တယ် မင်းတို့တွဲနေကြတာလား''

အမလေး! ပိုးရဲ့ ပါးပြင်တွေ ချက်ချင်းရဲတက်လာ၏။
မေးခွန်း သတ်တယ်ဆိုတာ ဒါမျိုးလား။
ပထမဆုံး တွေးလိုက်မိတာက…
ဘာလို့ မေးတာလဲ။ ပြီးတော့ သိချင်ရင်တောင် ဒါမျိုးက
ဘလိုင်းကြီး ရုတ်တရက်မေးသင့်သည့် စကားလား။
ပိုးနဲ့သူနဲ့ကဖြင့် ခင်လည်း မခင်ဘဲ ဘာကြောင့် မေးတာလဲ။
ပြီးတော့ သူမေးတိုင်း ဖြေရအောင် သူက ဘာမို့လို့လဲ။
မဖြေဘူးဆိုလည်း အထင်လွဲခံရကိန်းရှိသည်။
အချိန်တိုအတွင်းမှာ ပိုး ခေါင်းထဲကို အတွေးပေါင်းများစွာ
ရောက်လာလေ၏။

''တွဲနေကြတာလား''
မင်း' ထံမှ နောက်တစ်ကြိမ် ထွက်လာ၏။

''သူငယ်ချင်းတွေလို ခင်ကြတာပါ…
ကျွန်မရယ် ပြည့်ပြည့်စံရယ်…အစ်ကို နှိုင်းထက်ရယ်''

ဖြေလိုက်သည့်အသံမှာ အံ့ကြိတ်သံပါနေ၏။
စိတ်ထဲမှာလည်း ဒေါသတွေ ကျလိကျလိနှင့်…
သူ့ကားထဲမှာ ထိုင်နေလို့သာ မြိုသိပ်ထားရခြင်းဖြစ်သည်။
မဟုတ်လျှင် ဒီအချိန်ကြီး ကိုယ့်ကို ဒီတိုင်း လမ်းဘေးမှာ
မချသွားဘူးဆိုတာ မပြောနိုင်။
သူ့မျောက်စိတ်ကလည်း ပြောလို့ရတာမဟုတ်။

မင်း တစ်ချက်ပြုံးလိုက်လျှင် ပိုး အံ့သြကာ
သူ့မျက်နှာကို ရုတ်တရက် ငေးနေမိသည်။
တကယ်ပါ…သူ့လိုလူ ပြုံးတာ ရယ်တာ
တစ်ခါမှ မတွေ့ခဲ့ဖူးတာကြောင့်ဖြစ်၏။
တစ်လမ်းလုံး တိတ်ဆိတ်စွာ လိုက်ပါလာခဲ့ပြီးမှ…

''ရောက်ပြီ''

မင်း' ပိုးဘက်လှည့်ကာ ပြောလိုက်သည်ကြောင့်…
ပိုး လူမိသလို ဖြစ်သွားကာ မျက်လုံးလေး
ကလယ်ကလယ်နှင့်
ပါးပြင်တွေရဲတက်လာ၏။

''မင်း ပါးတွေရဲနေတယ်''

မင်း' စကားကြောင့် ပိုး လှုပ်လှုပ်ရှားရှားနှင့် ခေါင်းငုံ့ကာ
ပတ်ထားသည့် ကားခါးပတ်ကြိုးကို ဖြုတ်လိုက်သည်။

''ကျေး…ကျေးဇူးတင်ပါတယ် ဆရာ''
စကားကို ထစ်ထစ်ငေါ့ငေါ့ပြောကာ မင်း' မျက်နှာကို
တစ်ချက်မှ မကြည့်ဘဲ ကားပေါ်မှ ဆင်းသွားလေသည်။
အိမ်တံခါးဖွင့်ရင်း ကားဘက်ကို လှည့်ကြည့်ခဲ့သေးသည်။
မင်း' ကလည်း သူမဘက်ကို ကြည့်နေမှန်း သိတာနှင့်
ချက်ချင်း ပြန်လှည့်သွားလေသည်။

''မင်းက မက်မွန်သီးမဆိုတာ ဘာလို့ ကိုယ့်ကို မသိစေချင်တာလဲ''
နှုတ်မှ ခပ်တိုးတိုးထွက်သွားလေသည်။
ထိုနေ့ကတည်းက သူမ မျက်နှာ ကို ဖုံးကာ ပြေးထွက်သွားတာ
ဘာကြောင့်လဲ ဆိုတာ သိချင်ပေမယ့် မမေးဖြစ်ပေ။
ပြီးတော့ သူမကိုယ်သူမ ''ကျွန်မ'' လို့ သုံးနှုန်းနေတာ
လူကြီးတစ်ယောက်လိုပင်။ စိမ်းနေသလိုလည်း ခံစားရ၏။
ကိုယ်တို့ ထပ်တွေ့ဦးမှာပါ။
……………………………>>>>

''ပိုး နဲ့ အတူပြန်လာတာလား''

အိမ်ထဲဝင်ဝင်ချင်း နှိုင်းထက်က ဆီးကြိုမေးလေ၏။

''လမ်းကြုံလို့ တင်ခဲ့တာ''

မင်း' ကုတ်အင်္ကျီကို ချွတ်ရင်း ပြောလိုက်သည်။

''နောက်နေ့ မတင်ခဲ့နဲ့တော့''
နှိုင်းထက်စကားကြောင့် မင်း' လှည့်ကြည့်လာ၏။
နှိုင်းထက်က ပြုံးစိစိလုပ်ကာ…

''ငါ သူ့ကို ကြိုချင်လို့''

မင်း' မျက်မှောင်ကုတ်လိုက်မိသည်။
ပြီးမှ ရုတ်တရက်…

''မင်း အဲကလေးမကို ကြိုက်နေတာလား''

''ဟုတ်တယ်…အဟား…ပိုးနဲ့ဒီထက်ရင်းနှီးချင်လို့''
တစ်ယောက်တည်း ပြုံးကာပြောနေသည့် နှိုင်းထက် ကိုကြည့်ရင်း
မင်း' သက်ပြင်းချလိုက်သည်။
ဒီ မက်မွန်သီးမကို ကြိုက်တဲ့လူ ရှိသားပဲ။
မင်း' ခေါင်းတခါတခါ လုပ်ကာ မီးဖိုချောင်ထဲဝင်သွားလေသည်
စိတ်ထဲမှာတော့ နေထိုင်မကောင်းလှ။ ဘယ်လိုဖြစ်နေပါလိမ့်။

……………>>>>>>>>>>>>>>>>

''ငါပြောသားပဲ…ဆရာမင်းက အဲလောက် စိတ်ရင်းမဆိုးပါဘူးဆို''

ပြည့်ပြည့်စံက မာမီးခေါက်ဆွဲထုတ်တွေ ရွေးထည့်နေရင်း ပြော၏။
ပိုးကတော့ တွန်းခြင်းလေးကို စိတ်မပါစွာတွန်းရင်း
မနေ့ညက အကြောင်း ပြောပြေနေမိသည်။
စနေနေ့မို့ Ocean စူပါမားကတ်ထဲမှာ လူတွေ များနေလေ၏။
ပိုးအတွက် ညနေမှ ဆေးခန်းသွားရမှာ ဖြစ်သောကြောင့်
နေ့ခင်းပိုင်းအားတုန်းလေး ပြည့်ပြည့်စံနှင့်
ရိက္ခာထွက်ဝယ်ခြင်းဖြစ်သည်။

''အဲလောက်ကြီးလည်း မဟုတ်ပါဘူးဟာ…
လမ်းကြုံလို့ မခေါ်ရင်လည်း မကောင်းတတ်လို့
တင်ခေါ်ခဲ့တာ အသိသာကြီး''

မနေ့က သူ့မျက်နှာကို မြင်ယောင်ရင်း ပြောမိသည်။
သူ ပြုံးလိုက်တာကိုတော့ စံ့ကို ပြောမပြဖြစ်ပေ။

''ဘယ်လိုဖြစ်ဖြစ်ပါ…အရင်ကလောက်တော့…
ဘုဂလန့်မကျတော့ဘူးမလား''

''အေး…ဒါတော့…ဟင်''

ရုတ်တရက် ရှေ့မှာ ဘွားခနဲတွေ့လိုက်ရတာက…
ဆရာနှစ်ယောက်…
ပြည့်ပြည့်စံကို မုန့်တန်းတွေအကွယ်ထိ ပိုးဆွဲခေါ်သွားလိုက်သည်။

မင်း' ကတွန်းလှည်းတွန်းကာ နှိုင်းထက်က ပစ္စည်းတွေ ထို
တွန်းလှည်းထဲထည့်နေ၏။
မင်း' တစ်ချက် ရယ်လိုက်သည်။
သူတို့ နှစ်ယောက် တူတူ shopping ထွက်တာလား။
ပိုးနဲ့စံလည်း နှစ်ယောက်သား ချောင်းကြည့်နေရင်း…

''ဟယ်…ပိုး ကြည့်ဦး…ဆရာမင်းရယ်နေတာ…ကြည့်ဦး…
အစ်ကို နှိုင်းထက် နဲ့ဘာတွေပြောပြီးရယ်နေတာလဲ မသိဘူး…
သူရယ်တာ တစ်ခါမှ မတွေ့ဖူးဘူး…ချောတယ်နော်''

''သူတို့က ဘာလဲ…ကြည့်ရတာ တစ်မျိုးကြီးပဲ''

ချောင်းကြည့်နေရင်း ပိုး အသံ တည်ငြိမ်စွာထွက်သွားသည်။
ပြည့်ပြည့်စံလည်း ပိုး ဘက်ကို ရုတ်တရက်လှည့်လိုက်ရင်း…
မျက်လုံးတွေ ပြူးကျယ်ကာ…
နှစ်ယောက်သားရဲ့ နှုတ်ဖျားမှ ထွက်သွားသည်က…

''သူတို့နှစ်ယောက် ဂေး(gay) တွေလား''

ပိုး ကိုယ့်နဖူးကို ရိုက်လိုက်မိသည်။
ဟုတ်တယ်…ဒီပုံစံ…

''နင်…နင်ပြောချင်တာက……
ဆရာနှိုင်းထက်က ယောက်ျားချင်းကြိုက်နေတာ
မဖြစ်နိုင်ပါဘူးဟယ်''

ပြည့်ပြည့်စံတစ်ယောက် ပြောနေရင်း မျက်ရည်ပါ ဝဲလာ၏။
ပိုး တစ်ယောက် ပို တက်ကြွလာကာ…

''ငါတော့သေချာတယ်…စံ…ယောက်ျားနှစ်ယောက်တည်း
တစ်အိမ်ထဲမှာနေတယ်…ပြီးတော့ နှစ်ယောက်လုံးက
အချောတွေ…စဉ်းစားကြည့်…ခုချိန်ထိ ဘယ်သူမှလည်း
အိမ်ထောင်မပြုဘူး…ဖြစ်နိုင်ချေက တစ်ခုပဲ ရှိတယ်''

''နင် ဘာလို့…ဒီလောက် တက်ကြွနေတာလဲ…
နင်ဝမ်းမနည်းဘူးလား…ဆရာမင်းပါ အခြောက်ဖြစ်''
ပြည့်ပြည့်စံ ရှုံ့မဲ့မဲ့လေးနှင့် ဆက်မပြောဖြစ်ပဲ နေ၏။

''သူ့ဘာသူ ဖြစ်တာ ငါက ဘာလို့ဝမ်းနည်းရမှာလဲ…
အဲဒါကြောင့်…သူအရမ်းကို ဇီဇာကြောင်ပြီး…
ငါ့ကို တွေ့တိုင်း ဆူနေတာ''
ပိုး တစ်ထစ်ချ ပြောလိုက်သည်။

ပြောလိုက်ရပေမယ့်…ရင်ထဲမှာ မကောင်းတာအမှန်ဖြစ်၏။
ကိုကိုက တကယ်ပဲ ယောက်ျားချင်းကြိုက်နေတာလား
ဟုတ်သည်။ တွေးလေ တွေးလေ အတွေးထဲ ပေါ်လာသည်က
ဒီအဖြေပဲ ဖြစ်၏။ ကိုကို က ဂေးမို့ မိန်းကလေးတွေကို
သဘောမကျတာလား။
ခုနက ကိုနှိုင်းထက်နှင့် ကျတော့ ပြုံးလို့ရွှင်လို့တွေ့လိုက်ရသည်။

ပြည့်ပြည့်စံက သက်ပြင်းချလိုက်ရင်း…

''ငါတော့ မထင်ဘူးဟာ…ကိုနှိုင်းထက်ကို နှမြောတယ်…''

''ငါ နည်းနည်း စပ်စုကြည့်ခဲ့မယ် စံ''

ပြည့်ပြည့်စံ မျက်နှာလေးက ပြုံးမလို ပြန်မဲ့သွား၏။
သိချင်ပေမယ့် တကယ် ထင်သလို ဟုတ်ခဲ့တယ် ဆိုရင်ရော…
စံက ဆရာနှိုင်းထက်ကို တစ်ဖက်သတ်ကြိုက်နေတာ
ခုခေတ်စကားပြောရရင် crush နေတာကို ပိုး လည်း သိသည်။

''နင်က ဘယ်လိုလုပ်မှာလဲ…
ဆရာမင်းကို ကြောက်တယ် မလား''

''မကြောက်တော့ပါဘူး…နင်ပြောသလိုပဲ…
သူ့စိတ်ရင်းက အဲလောက်မဆိုးတော့ဘူးလေ''

အမျိုးမျိုးပဲ။ စံ က ပိုးကို မျက်စောင်းထိုးလိုက်၏။
ဆရာမင်းက ပိုးနဲ့ ခင်ခဲ့ဖူးသည့် အစ်ကို ဆိုတာ
သိခဲ့ကတည်းက မကြောက်တော့ပါ။
တကယ်တော့ ပိုး ကလည်း ကိုကို ယောက်ျားချင်း ကြိုက်နေတာ
မဟုတ်ကြောင်း သေချာချင်၍ ဖြစ်သည်။
စိတ်ထဲမှာတော့ ထင်သလို မဟုတ်ပါစေနဲ့ဟုသာ
ဆုတောင်းမိနေလျက်…
…………………………

''ဆရာ မရောက်သေးဘူးလား ဟင်''

''စောသေးတယ်လေ ဆရာမ…ခုမှ ၄ နာရီပဲရှိသေးတာ''

နာပ်စ့်မလေး တစ်ယောက်က ချိတ်ထားသည့် နာရီကို ကြည့်ရင်း
ပြော၏။
ဟုတ်သားပဲ…ဒီအချိန်ဆို သူ ဆေးရုံမှ ပြန်ရောက်လောက်မည်
မဟုတ်သေး။
အပြင်ဆေးခန်းတွေမှာလည်း ဆရာဝန်တွေဟာ ဘာကြောင့်
အချိန်နောက်ကျမှ ရောက်လာကာ လူနာအတွက် အချိန်နည်းနည်းပဲ
ပေးနိုင်သလဲ ဆိုတာ ဒါကြောင့်ကိုး…
ပိုး လည်း တစ်နေ့ ဒီလို အလုပ်များတဲ့ ဆရာဝန်ဖြစ်ချင်သည်။
နားချိန်မရှိ…စားချိန် ပုံမှန်မရှိဘဲ တနေကုန် အလုပ်ရှုပ်နေသည်အထိ
အောင်မြင်သည့် ဆရာဝန်ဖြစ်ချင်သည်။
အတွေးကို ခဏဖြတ်ကာ…
လွယ်ထားတဲ့ အိတ်လေးကို မြန်မြန်ချလိုက်သည်။
ပြီးတော့ သူ့စားပွဲပေါ်က မသပ်မရပ်ဖြစ်နေသည့် ပစ္စည်းတချို့ကို
နေရာတကျဖြစ်အောင် စီလိုက်သည်။
နားကြပ်…ဟင်…နားကြပ်မှာ…
အသည်းပုံ တွေ့တာကြောင့် ပိုးလက်က အလိုအလျောက်
ကိုင်ကြည့်လိုက်မိ၏။

ဘာတဲ့…ရေးထားတာ?

''နှိုင်းထက်🖤 မင်း''
ပိုး မျက်လုံးပြူးသွားလျှင်…
နာပ်စ့်မ လေး 2 ယောက်က အပြေးအလွှားရောက်လာကာ…

''ဆရာမ…ဘာလဲဟင်''

ပိုး ချက်ချင်း လက်နှင့်ကွယ်လိုက်ကာ…

''ဘာမှမဟုတ်ဘူး…အဟင်း…ပိုး ကောင်လေး တွေ့လိုက်လို့''

''ဟုတ်လား…ဆရာမင်းက သူ့စားပွဲတခြားလူ ထိတာမကြိုက်လို့လေ…ကျွန်မတို့လည်း တခြားနေရာတွေ
သန့်ရှင်းရေးလုပ်ပေမယ့် ဆရာမင်း စားပွဲကို မထိရဲဘူး''

သူ့လျို့ဝှက်ချက်တွေ လူသိမခံချင်လို့နေမှာပေါ့။
ပိုး စိတ်ထဲမှာ ပြောမိသည်။

''ဆရာလာပြီ''

သုံးယောက်လုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားကာ လူစုခွဲလိုက်လေ၏။

''ဒီနေ့ မင်းစောသားပဲ''

''ဟုတ်ကဲ့''

ပိုး ခပ်ရေးရေးလေး ပြုံးကာ သူ့ရှေ့မှ လှည့်ထွက်ခဲ့သည်။

မင်း' ထိုင်ခုံမှာ ထိုင်လိုက်တာနဲ့ စားပွဲကို သတိထားမိကာ…
''စားပွဲကို ဘယ်သူ ရှင်းထားတာလဲ''

''ကျွန်မရှင်းတာ ဆရာ…ပစ္စည်းတွေ စီစီရီရီမရှိတာ တွေ့လို့…
ရှင်းလိုက်တာ…ဘယ်ပစ္စည်းကိုမှ ပစ်လိုက်တာ မရှိတာမို့…ဆရာလိုတာတွေ စားပွဲပေါ်မှာ အကုန်ရှိမှာပါ…ပြီးတော့ ဆရာ့စားပွဲကို ထိတာ ဆရာမကြိုက်မှန်း ရှင်းပြီးမှ သိလိုက်တာမို့…တောင်းပန်ပါတယ်
…နောက် မဖြစ်စေရပါဘူး''

မင်း' ကြောင်တောင်တောင် ဖြစ်သွားလေ၏။
ကိုယ်မေးတာက တစ်ခွန်းတည်း။
သူမဖြေပုံက…ရွဲ့တာလား…တကယ် တောင်းပန်တာလား။
ပြီးတော့ ကိုယ်မေးတာက စိတ်ဆိုး၍ မေးတာမဟုတ်။
ကိုယ့်စားပွဲကို ထိတာ မကြိုက်ဘူးဆိုတာ ဟိုနာပ်စ်မလေးတွေက
အရေးကြီးသည်လား မကြီးသည်လားမသိ။ တွေ့တဲ့ လူနာစာရင်း ဆေးစာရင်းတွေကို ရောရောပစ်၍ ပြောထားရခြင်းဖြစ်သည်။
ခု သူမ လုပ်ထားတာက စီစီရီရီ ပြဿနာမရှိလို့
ဘယ်သူလုပ်ထားကြောင်း သိချင်၍ မေးခြင်းဖြစ်၏။

''အဟက်''
မင်း' ခေါင်းတစ်ချက် ငုံ့ကာ ပြုံးလိုက်သည်။
သူ ပြုံးပြန်ပြီ။
နာပ်စ်မလေး ၂ ယောက်ကလည်း မင်း' တစ်ချက် ပြုံးလိုက်တာကို
အထူးတဆန်းလုပ်ကာ ကြည့်နေကြသည်။

''အိုကေပါ…ဒါပေမယ့်…ကိုယ့်စားပွဲကို မင်းရှင်းလို့ရပါတယ်…''

ထိုစကားကြောင့် ပိုး ရင်ခုန်သွားသလိုပင်…
ဘယ်လိုသဘောနဲ့ပြောတာလဲ။
ဘယ်သူ့ကိုမှ မထိခိုင်းတဲ့ သူ့စားပွဲကို ပိုးတော့ ထိလို့ရတယ်ဆိုတဲ့
အဓိပ္ပါယ်လား…

''…လူနာစာရင်း…ဆေးနာမည်…အစ ဘယ်ဟာတွေ
အရေးကြီးလဲ မင်းသိတယ်လေ''

''ဟုတ်…ဟုတ်ကဲ့…ဆရာ''

ပိုး ပျော်သွားမိသည်။
သူ့ထံမှ ချီးကျူးခြင်းခံရတာ ပထမဆုံးအကြိမ်ဖြစ်၏။
ဒါပေမယ့် ခုနက မြင်ထားသည့် ''နှိုင်းထက်🖤မင်း'' ဆိုတာကြီးက
မျက်လုံးထဲကမထွက်ပေ။ တကယ်ပဲ ထင်သလို ဖြစ်နေပြီလား။

………………>>>>>>>>>>>

ဆေးခန်းပိတ်ပြီးတာနဲ့ နာစ်ပ်လေး ၂ ယောက်က
သွားစရာရှိလို့ဆိုပြီး ခွင့်တောင်းကာ စောစောပြန်သွားကြလေ၏။

''မင်း ဒီနေ့ ဘာနဲ့လာတာလဲ''

''ကားနဲ့ လာတာပါဆရာ…''

''ကိုယ်တိုင်မောင်းခဲ့တာလား''

''ဟုတ်''

ထိုစဉ် ဖုန်းလာသဖြင့် မင်း' ချက်ချင်း ကိုင်လိုက်ကာ…
''နှိုင်းထက် ပြော''

''…………………''

''အခုလား…ဘယ်ကို လာခဲ့ရမှာလဲ''

''………………''

''အေးပါ…''

မင်း' ဖုန်းပြောပြီးတာနဲ့ ပိုး ဘက်လှည့်ကာ…

''ပြန်လို့ ရပြီလေ…''

ပိုး ခေါင်းထဲ အကြံတစ်ခုရလေ၏။
အစကတော့ ချက်ချင်းပြန်မလို့ပါပဲ။
ဒါပေမယ့်…

''ကိုနှိုင်းထက်လားဆရာ…''

''ဟုတ်တယ်…ဘာဖြစ်လို့လဲ''

''ဘာမှမဟုတ်တော့ဘူး ဆရာ…အဟင်း…ကျွန်မ ပြန်တော့မယ်''

မင်း' နားမလည်သလို သူမကို မျက်မှောင်ကုတ်ကာ ကြည့်လိုက်သည်။ ဘာဖြစ်တာလဲ။ သူမပုံစံက ပြုံးစိစိနဲ့။

…………>>>>>>>>>>>>

နောက်မှာ ကားတစ်စီး ပါလာတာကို သတိထားလိုက်မိ၏။
အသိများလား လို့ စဉ်းစားကြည့်တော့လည်း ကိုယ့်အသိထဲမှာ
ဒီလို ကားမျိုး မတွေ့ဖူးချေ။
SKY ဘားရောက်တဲ့ထိ မောင်းလာခဲ့တာတောင်
ထိုကားက လိုက်ခဲ့တုန်း။
…………>>>>

ပိုး ကားပေါ်မှ ကုတ်ကုတ်နှင့် ဆင်းလိုက်၏။
ခေါင်းမလည်း ခြံတဘက်အပါးကို ခြုံထားကာ…
သူ သွားသည့်အတိုင်း လိုက်သွားလေသည်။

ကလပ်ဝင်ပေါက်မရောက်ခင် လူလျှောက်လမ်းသေးသေးလေးရဲ့
ထောင့်မှာ ပိုး မျက်ခြေပြတ်သွားသည်။
ဟင်…ဘယ်ရောက်သွားပြီလဲ။

''ဘယ်သူလဲ''

''အမလေး''
နောက်နား ကပ်ရပ်မှ အသံကြောင့် ပိုး
လန့်ဖျတ်ကာအော်လိုက်မိသည်။
တဆက်တည်း သိသွားတာက ဒါ…သူ့ အသံ ဆိုတာဖြစ်၏။

''ဟို…ဟို…လူမှားတာပါ…လူမှားတာ''
နှာခေါင်းကို ပိတ်ကာ…အသံတု လုပ်လိုက်ပေမယ့်…

''ပိုးသားဖြူ!!''

''ရှင်…အဲ''
ပိုး ပိုလန့်ရပြီ။
သူ့ အသံက အနည်းငယ် တင်းမာ လာသလို။

''ဘာလို့ကိုယ့်နောက်က နောက်ယောင်လိုက်နေတာလဲ…
မင်း ဘာသိချင်လို့လဲ''

ပိုး တဘက်ကို ပိုတင်းအောင် ခြုံဆွဲထားလိုက်ပြီး…
''ပိုးသားဖြူ မဟုတ်ပါဘူးရှင့်…လူမှားနေတယ်…လူမှားနေ…အဲ''

ပိုး ရဲ့ စကားမဆုံးခင်…
ခြုံထားသည့် တဘက် ဆွဲဖယ်ခြင်း ခံလိုက်ရလေသည်။
နီရဲတွတ်နေသည့် မျက်နှာလေးနဲ့ ဝိုင်းစက်နေသည့်
မျက်လုံးလေး က ခပ်မှိန်မှိန်မီးရောင် အောက်မှာ ပေါ်လာ၏။
အနည်းငယ် ပုံပျက်ကာ ကပိုကရိုရှိနေသည့် ဆံပင်တို့ကလည်း
ဆွဲဆောင်မှု တစ်ခုလိုပင်။
မင်း' မျက်နှာလွဲလိုက်ကာ…
ပိုး ကို ပြန်လှည့်ကြည့်ပြန်၏။
သူမ ရဲ့ ပါးပြင်ကလည်း…

''မင်း ပါးတွေ အရမ်းနီနေပြီ…ပြောပါဦး…ဘာလို့ လိုက်ခဲ့လဲ''

''ဟို…ဆရာ ဘယ်မှ ထမင်းစားလဲ သိချင်လို့…ဟုတ်တယ်
…ဆေးရုံက ပြန်ရောက်ရောက်ချင်း ဆေးခန်းလာထိုင်ရတယ် မလား…အဲဒါ…
ထမင်းမစားရသေးဘူးလေ…ဘယ်မှာ…''
နှုတ်ဖျားမှ ထွက်သွားသည့် စကားလုံးတို့က ရှေ့နောက်မညီ။

''လျှောက်မပြောနဲ့…''

''ရှင်!!''

ကိုယ့်ဆီကို ပိုပို နီးကပ်အောင် လှမ်းလာသည့်
မင်း' ရဲ့ မျက်နှာကို
အလန့်တကြားမော့ကြည့်ကာ…
ပိုး ပိုလန့်သွားလေ၏။

''မင်း…''

''ဟုတ်တယ်…ဆရာ ဂေး ဟုတ်မဟုတ်သိချင်လို့''

မျက်လုံးကို ပိတ်မှိတ်ကာ အော်ပြောလိုက်သည့် သူမကြောင့်…
မင်း' ခြေလှမ်းရပ်တန့်သွားလေ၏။
ဒါ ဘယ်လို ဟာသလဲ။ ငါ နားကြားများမှားတာလား။

''မင်း…မင်း ဘာပြောလိုက်တယ်?''

ပိုး ရဲ့ ပါးပြင်တွေ ရဲသထက် ရဲလာပြီဖြစ်သည်။
ရဲလာသည့်အပြင် ပူတောက်နေတာလည်း ကိုယ့်ကိုယ်ကို သိ၏။
ထိုစဉ်…

''အ''
မင်း' ရဲ့ လက်အေးအေးတွေက ပိုးရဲ့
ပါးပြင် နှစ်ဖက်ပေါ်ရောက်သွားလေသည်။
သူမရဲ့ ပူနေတဲ့ ပါးနှစ်ဖက်ကို ကိုင်ထားပေးခြင်းဖြစ်သည်။
ပြီးတော့ ဆူထွက်လာသည့် သူမရဲ့ နှုတ်ခမ်းဖူးဖူးလေး…
ဆီသို့ အကြည့်ရောက်သွားလေသည်။

''ကိုယ် ဂေးဟုတ်မဟုတ်သိချင်လို့ ဟုတ်လား''

ပိုး ထံမှ ဝူးဝူးဝါးဝါးသာ အသံထွက်လာ၏။
ပါးပြင်ကို မင်း' ရဲ့ လက်ဝါးနှစ်ဖက်နှင့်
ဖိထားခံရသောကြောင့်ဖြစ်သည်။

ပြီးတော့…ပူနေသည့် ပါးအပြင်…
နှုတ်ခမ်းပါ ရုတ်တရက် ပူနွေးသွားလေသည်။
ဘာပါလိမ့်…ဘာပါလိမ့်…
မျက်လုံးဖွင့်ထားပေမယ့် မြင်နေရတာက သူ့ရဲ့ ပခုံးစွန်း…
ဒါ…ဒါက…ပိုး အနမ်းခံနေရတာလား။

……………>>>>>>

အခန်း (၈) ဆက်ရန်……

ရှည်ရှည်လေးရေးပေးလိုက်ပါတယ်။
နောက်တစ်ပတ် မတင်ဖြစ်မှာ မို့လို့…
စာမေးပွဲ တစ်ပတ်ဖြေပြီးမှ ပြန်လာမယ်နော်🖤

မတ်မတ်ပန်းချီ🌹