ထာဝရ...မင်း (၈) (ရွှေပန်းချီ) - Zezawar-Sarpay

Breaking

Thursday, 2 May 2019

ထာဝရ...မင်း (၈) (ရွှေပန်းချီ)

 
ထာဝရ…မင်း
အခန်း (၈)
………………………

''မင်း' မင်းကြည့်ရတာတစ်မျိုးပဲ''

မင်း' ဘာမှပြန်မပြောဘဲ တစ်နေရာကို စူးစိုက်ကြည့်နေလျက်…
သူမ ကိုပဲ မြင်ယောင်နေမိသည်။
ကိုယ့်ကို အတင်းရုန်းဖယ်ပြီး ပြေးထွက်သွားသည့် မက်မွန်သီးမ…
ကိုယ် လုပ်တာ လွန်သွားပြီလား။
မလွန်ဘူး…ဟုတ်တယ် မလွန်ဘူး…
ကိုယ့်ကို ဂေးထင်တယ် လို့ သူမက အရင်စပြောတာဖြစ်သည်။

''ငါဂေးမှ မဟုတ်တာ''

''ဟင်…ဘာ?''

မင်း' နှုတ်ဖျားမှ မထင်မှတ်ဘဲ ထွက်သွားသည့် အသံကို
နှိုင်းထက် အစွန်အဖျားလေးသာ ကြားလိုက်ရ၏။

''ဘာမဟုတ်တာလဲ ဟေ့ကောင်''

''ဘာမှမဟုတ်ဘူး''

စားပွဲပေါ်က ဝိုင်အရက် တစ်ခွက်ကို မင်း' ယူသောက်လိုက်ရင်း…
ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။
DJ သံစဉ် ခပ်မိုက်မိုက်တွေကြားမှာ ကခုန်ပျော်မြူးနေသူတချို့…
ပြီးတော့…
ကိုယ့်ကို ကြည့်နေသည့် မျက်ဝန်းတစ်စုံ…
ထိုနေရာ အရောက်မှာတော့ မင်း' အကြည့်ခဏရပ်သွား၏။

''နိုး''
နှုတ်ဖျားမှ လည်း ခပ်တိုးတိုး ထွက်သွားလေ၏။

''အေးပါ…No ဆိုလည်း No ပေါ့…ငါလည်း ဘာမှထပ်မမေး…''

နှိုင်းထက်ထံမှ စကားသံလည်း ရပ်သွား၏။
နိုးနိုးမွန် ကို တွေ့လိုက်ရသောကြောင့်ဖြစ်၏။
မင်း' ကို နှိုင်းထက် တစ်ချက် ကြည့်လိုက်တော့
မင်း' က ယောင်လည်လည်နဲ့ ဒီဘက်ပြန်လှည့်လာ၏။

''နိုး…မင်းရောက်နေတာလား…
ဘယ်တုန်းက ပြန်ရောက်တာလဲ…
လာ…လာ…ဒီကို လာဦးလေ''

နှိုင်းထက်က ပြောရင်းဆိုရင်း ထလျှောက်သွားကာ
နိုးလက်ကိုဆွဲခေါ်လာခဲ့၏။

''နင်တို့ ဒီဘားမှာ ထိုင်တုန်းပဲလား…''

နှိုင်းထက်ဘေးမှာ ဝင်ထိုင်ရင်း ပြောလိုက်ပေမယ့်
သူမက မင်း'ဆီ ကိုသာ အာရုံရောက်နေ၏။
ဂရုမစိုက်သလို ဝိုင်ခွက်ကိုသာ လှုပ်နေတဲ့ မင်း' ကြောင့်
နှိုင်းထက် သက်ပြင်းတစ်ချက် ချလိုက်ကာ…

''မင်း' ဟေ့ရောင်…နိုး ရောက်နေတယ်လေ…ငါတို့ သူငယ်ချင်း''

ထိုအခါမှ မင်း' က ခေါင်းမော့လာကာ…
''ဘယ်တုန်းက ပြန်ရောက်တာလဲ''

''မနေ့က ရောက်တာ…ဒီမှာ ပြန်ဆုံပွဲလာလုပ်ကြတာ…
ဟိုမှာ အဖွဲ့နဲ့''
နိုး က တစ်ဖက် ဝိုင်းကို ကြည့်လိုက်သဖြင့် မင်း' ရော
နှိုင်းထက်ပါ လှည့်ကြည့်လိုက်သည်။ ပြီးမှ…

''နင်ပိန်သွားတယ်နော်…သူရိန်''

နိုး စကားကြောင့် မင်း' တစ်ချက်ပြုံးလိုက်၏။
သူရိန် လို့အခေါ်မခံရတာ ကြာပါပြီ။
ဆေးရုံမှာလည်း ကိုယ့်ကို သူရိန်ဆိုတာထက် ဆရာမင်း လို့သာ
အခေါ်ခံရတာ များသည်။
သမားရိုးကျ နာမည်ဖြစ်သည့် နာမည်ကို ခေါ်တာ
သူမ တစ်ယောက်တည်း…

''ငါကတော့ အားလုံးထဲမှာ နင့်အတွက်
ထူးခြားတဲ့လူ ဖြစ်ချင်တာ…
သူများတွေ ဆန်အောင်းခေါ်ကြတဲ့ မင်း' ဆိုတာ မခေါ်ချင်ဘူး…
မတူအောင် သူရိန်လို့ ခေါ်မှာ…
ဒါမှ ငါတစ်ယောက်တည်း ထူးခြားနေမှာပေါ့'' လို့
ပြောခဲ့ဖူးတဲ့သူမ။

''မင်းလည်း နည်းနည်းပိန်သွားတယ်''
ပြန်ပြောလိုက်တာက မင်း' မဟုတ်။ နှိုင်းထက်ဖြစ်၏။

''အင်း…အဟင်း…ဟိုမှာ အစားအသောက်က
ပါးစပ်မတွေ့ဘူးလေ''

''ငါပြန်တော့မယ်…''
မင်း' ထရပ်လိုက်၏။

နှိုင်းထက် ဘာမှမပြောဘဲ ကြည့်နေလိုက်သည်။
နိုးက…

''ပြန်တော့မှာလား''
ဝမ်းနည်းရိပ်တွေ ပြည့်နေသည့် မျက်ဝန်းတစ်စုံ…
မင်း' လျစ်လျူရှုရင်း…

''အင်း…''

လက်တစ်ချက် ကာပြကာ ထသွားလေသည်။
……………>>>>>>
''ငါတောင်းပန်ပါတယ် သူရိန်ရယ်…ငါ…ငါ သတိလွှတ်သွားတာပါ…
နောက်မဖြစ်စေရပါဘူး…နော်…သူရိန်…နော်''

မျက်ရည်ပေါက်ပေါက်ကျကာ ပြောနေသည့် သူမကို ကြည့်လိုက်…
သူမ ဘေးက ယောက်ျားကို ကြည့်လိုက်နှင့် မင်း' ကိုင်ထားသည့်
မွေးပွရုပ်လေးကို အားနှင့် လွင့်ပစ်လိုက်သည်။
ကိုယ့်ကို ချစ်ပါတယ် လို့ပြောခဲ့တဲ့ သူမ…
တွဲရအောင်လို့ စပြောတာလည်း သူမပဲဖြစ်၏။
စာအတူတူ လုပ်သလို သူမလိုအပ်သမျှ အကုန်လိုက်လုပ်ပေးခဲ့
တာတောင် ကိုယ့်ကို သစ္စာဖောက်ခဲ့သည့် သူမ…

''ငါတို့ကြားမှာ ဘာမှပြောစရာမရှိတော့ဘူး နိုး…
မင်း အားလုံးကို ဖျက်စီးခဲ့ပြီ''

မင်း' တစ်ခွန်းတည်းပြောကာ လှည့်ထွက်ခဲ့လေသည်။
သူမပြောတာ ဘာမှမဟုတ်ပါဘူး တဲ့…
ဒါဆို စားသောက်ဆိုင်တစ်ခုမှာ ထိန်လင်း ဆိုတဲ့ကောင်က
သူမရဲ့ လက်ခုံကို နမ်းလိုက်သည်။ အဲဒါကို သူမက
ကြည်ဖြူစွာလက်ခံနေတာက ဘာလဲ။
သူငယ်ချင်းလား…
မိတ်ဆွေတွေက အဲလို လုပ်သလား…

အသည်းကွဲတယ်ဆိုတာ ဘယ်လိုမျိုးလဲ မသိပေမယ့်
အခု ရင်ထဲမှာ အရမ်းနေရခက်နေ၏။
ခံပြင်းစိတ် ဒေါသစိတ် ဝမ်းနည်းစိတ် တို့ ရောထွေးနေလျက်…

''အဲလောက်ကြီးတော့ မဖြစ်သင့်ဘူးလေကွာ…
နိုးကပြောတယ်… ရုတ်တရက်မို့ သတိလွှတ်သွားတာတဲ့…
မမြင်ကွယ်ရာမှာ ဗရုတ်သုတ်ခတွေလုပ်နေတာလည်းမဟုတ်ဘဲနဲ့
နိုး အငိုက်မိသွားတာ ဖြစ်နိုင်တယ်…သူတို့ ဘာမှဆက်ဖြစ်ကြတာလဲ
မဟုတ်ဘူး…မင်း' ရာ…နိုးက ငါ့ကို ဖုန်းတဂွမ်ဂွမ်ဆက်ပြီး
မင်းကို ချော့ခိုင်းနေတယ်…ငါလည်း စိတ်ညစ်ပါတယ်
မင်းတိုနှစ်ယောက်ကြား ဒီကိစ္စလေးနဲ့ မင်းတို့…''

''နှိုင်းထက်!!
ငါက သူတို့ဗရုတ်သုတ်ခ လုပ်တဲ့အချိန်ထိစောင့်ရမှာလား''

မင်း' ဒေါသ တကြီး အော်လိုက်သည်။

''ပြီးတော့ သူငါ့ကို ချစ်ရင် အဲ့ကောင်နဲ့တွေ့စရာအကြောင်းကို
မရှိတာ…
ဘာအကြောင်း ကြောင့်မှ တွေ့စရာကို မလိုတာ''

''မင်းကို နိုးလည်း တောင်းပန်တယ်မလား…
မင်းကလည်း ခုတလော နိုးကို ပစ်ထားမိတာ မမေ့နဲ့……
ပြီးတော့ နိုးကလှတယ်…သူ့ကို လိုက်နေတဲ့လူ ပေါမှပေါ…
မင်းမှ သူ့ကို မယုယတော့ သာတဲ့သူဆီ စိတ်ရောက်သွားမှာပဲ…''

''အဟက်!!''

မင်း' မထီတရိ ရယ်လိုက်မိ၏။
ပစ်ထားတယ်တဲ့လား…
နိုင်ငံခြားစာမေးပွဲ တစ်ခုဖြေဖို့ ပြင်ဆင်နေတာမို့
သူမကို သိပ်ဂရုမစိုက်ဖြစ်ဘူးဆိုရင်တောင်…

''ဒီလို ဖြစ်သွားစရာအကြောင်းမရှိဘူးလေ''

''နိုး မှားတာ ဟုတ်တယ်…ဒါပေမယ့် မင်း လည်း
သိပ်အတ္တကြီးတယ် မင်း'…''

မင်း' မျက်လုံးကို မှိတ်ချကာ ဆိုဖာခုံပေါ် မှီလိုက်သည်။
ဘာမှမဖြစ်သလို ဟန်ဆောင်နေပေမယ့် ရင်ထဲမှာ နာကျင်ခဲ့၏။
ခုတော့ မဟုတ်ပါ။ ကိုယ်နဲ့ ဘာမှမဆိုင်တော့တဲ့ သူမလေ…
နာကျဉ်းဒေါသထွက်တာ မဟုတ်လို စိတ်ဆိုးနေတာလည်း မဟုတ်။
သူမနှင့် ဘာမှ မပတ်သက်ချင်တော့ခြင်းဖြစ်သည်။
……………………>>>>

ပိုး တစ်ယောက် အိပ်ယာပေါ်မှာ ဒီဘက်လူး
ဟိုဘက်လိမ့်နှင့် ငြိမ်ငြိမ်မနေနိုင်ဘဲ ဖြစ်နေ၏။
အိမ်ပြန်ရောက်ကတည်းက ပိုး စိတ်တွေ ပုံမှန်မဟုတ်တော့။
သူ…ဆရာမင်း…ကိုကို…
ဘာကြောင့် ဒီလိုလုပ်တာလဲ…
ဘာကြောင့် ပိုး ကို ဆွဲနမ်းခဲ့တာလဲ…
ဟုတ်တယ်…အခြောက်လို့ပြောလိုက်တာကို ခံပြင်း၍ဖြစ်မည်။

''အား'…ငါကလည်း ဘာလို့ ပြောထွက်သွားမိတာလဲ မသိဘူး''

တွေးရင်းနှင့် ပါးပြင်တို့က ရဲတက်လာပြန်၏။

''ဖျတ်…ဖျတ်…ဖျတ်…ဖျတ်''

မျက်လုံးနှစ်ဖက်ပိတ်ကာ ကိုယ့်ပါးနှစ်ဖက်လုံးကို
တဖျတ်ဖျတ်ရိုက် လိုက်မိပေမယ့် အရှက်က မပြေတတ်သေး။

''လိုက်သွားမိတာကိုက ငါ့အမှား…အဟင့်''

ငိုချင်ပေမယ့် ငိုသံက မထွက်နိုင်။
ဒီလိုနဲ့ တစ်ည ကုန်သွားလေ၏။
…………>>>>

လန့်နိုးလာတော့ မနက် ၇ နာရီထိုးနေပြီဖြစ်သည်။
မနေ့ညက ကိစ္စက ခေါင်းထဲ ချက်ချင်း ရောက်လာပြန်၏။

''အာ……''

ပိုး စောင်ပုံတွေကြားမှာ ခေါင်းကို ခါရမ်းရင်း…

''မိုးရွာနေတာပဲ''

ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်ကို လှမ်းကြည့်လိုက်တော့…
မိုးဖွဲလေးတွေ ကျနေသည်။
ခြေလှမ်းတို့က အိပ်ခန်းထဲမှတစ်ဆင့် အိမ်ရှေ့တံခါးသို့ရောက်၏။
တံခါးဖွင့်လိုက်ပြီး တစက်စက် ကျနေတဲ့ မိုးပေါက်တွေဆီ
လက်ဖဝါးလေး ဖြန့်ပြီး မိုးရေခံလိုက်သည်။

''လန်းဆန်းလိုက်တာ''

………………………………>>>>>>>

ဘာလို့မလာသေးတာလဲ။
ဖုန်းဆက်မေးချင်ပေမယ့် မနေ့က ကိစ္စကြောင့်
ဖုန်းဆက်ဖို့ မင်း' မချင့်မရဲဖြစ်နေ၏။
ဆေးခန်းဖွင့်တာ တစ်နာရီကျော်တဲ့ထိ သူမ ရောက်မလာသေးပေ။
တစ်ယောက်ယောက်များ ဆေးခန်းထဲဝင်လာရင် သူမများလားလို့
မော့ကြည့်ရတာ အမော။
ဆေးခန်းပိတ်သွားချိန်ထိ သူမ ရောက်မလာခဲ့ပေ။
သေချာတယ် မနေ့က ကိစ္စကြောင့်…
……>>>

အိမ်ပြန်ရောက်တာနဲ့ ခြံထဲမဝင်ဖြစ်သေးဘဲ
သူမအိမ်ဘက်ကို လှမ်းကြည့်လိုက်မိသည်။
မီးရောင်ကတော့ တစ်အိမ်လုံး လင်းထိန်နေ၏။
လက်က အလိုလို ဖုန်းကိုကိုင်လိုက်မိသည်။
ပြီးတော့ contact ထဲက သူမ နံပါတ်…

''တီးးးးးတီးးးးးးးတီးးးးးးးးးးးးးး''

ဖုန်း ဝင်ပေမယ့် တစ်ဖက်မှ မကိုင်သေး။
ခဏအကြာမှာတော့…

''ဟယ်လို…''
အသံ တိုးတိုး တစ်ခု ထွက်လာ၏။

''ပိုးသားဖြူ…ထင်သားပဲ အိမ်မှာရှိနေရက်နဲ့ ဆေးခန်းကို တမင်
မလာတာ ဆိုတာ…ကိုယ်ရေးကိုယ်တာနဲ့အလုပ်ကိစ္စ ခွဲခြားထားဖို့
သိသင့်တယ်''

''ကျွန်မ…''

သူမ အသံက ခပ်တိုးတိုးနှင့် အားမရှိသလို ဗလုံးဗထွေးဖြစ်နေ၏။

''@%***-@#©€^®¥¥%''

ဘာတွေပြောလို့ ပြောနေမှန်းမသိ။

''နေဦး…မင်း နေမကောင်းဖြစ်နေတာလား''

မင်း' ရုတ်တရက် မေးလိုက်သည်။
ပြီးတော့ မျက်လုံးထဲပေါ်လာတာက ဒီမနက်မှာ ကိုယ်ဆေးရုံသွားဖို့
ပြင်ဆင်နေတုန်း သူမကို မိုးရေထဲမှာ တွေ့လိုက်ရသည့်…
မိုးရေထဲမှာ လက်နှစ်ဖက်ဖြန့်ကာ မိုးခံနေသည့် သူမ…

မင်း' ကားပေါ်ကနေ အလိုလို ပြေးဆင်းမိပြီးသားဖြစ်၏။
ပြီးတော့ သူမအိမ်ဆီသို့…

………………>>>>>>>>>

''ပိုးသားဖြူ…''

တစ်ချက်ခေါ်ပေမယ့် ဘာသံမှ ထူးမလာ။

''ပိုးသားဖြူ''

တိုက်ပုအိမ်လေးမို့ အိပ်ခန်း တစ်ခန်းသာ ရှိသည်။
''ဒေါက်…ဒေါက်''
''ဒေါက်…ဒေါက်''

တံခါး ဖြည်းညင်းစွာ ပွင့်လာ၏။
ပြီးတော့ နီရဲနေသည့် မျက်နှာတစ်ခု…
မပွင့်တပွင့်နှင့် ခပ်မို့မို့ဖြစ်နေသည့် မျက်လုံးတစ်စုံ…
ရှည်လျားသည့် ဆံပင်က ဖြန့်ချထား၏။
ကြည့်လိုက်တာနှင့် နေမကောင်းသည့် ရုပ်မှန်းသိသာသည်။

''စံလား…ရောက်လာတာ အတော်ပဲ…
ငါ ခေါင်းတွေအရမ်း…အရမ်း…''

''ဟေ့…ပိုးသားဖြူ''

စကားဆုံးအောင် မပြောနိုင်ခင် လဲကျသွားသည့်
သူမကို မင်း' ထိန်းဖမ်းထားလိုက်သည်။
တစ်ကိုယ်လုံး ပူခြစ်နေသည့် ခန္တာကိုယ်…
သူမကို အခန်းထဲက ကုတင်ပေါ် မြန်မြန်ချပြီး
ကိုယ့်အိမ်က ဆေးသေတ္တာယူဖို့ မင်း' ပြန်ပြေးထွက်ခဲ့သည်။
…………>>>>>>>>>>>>>>>>>>>>

''အင်း…အဟင်း''
ညည်းသံနှင့်အတူ ပိုး မျက်လုံးပွင့်လာ၏။

''စံ''
ကုတင်ဘေးမှာ စံက အိပ်ပျော်ရာမှ နိုးလာ၏။

''သတိရလာပြီလား''

''အင်း…ငါ့ကို ရေတိုက်ဦး''

စံက ရေတစ်ခွက် ငှဲ့ပေးရင်း…
''မနေ့က နင်အဖျားအရမ်းတက်နေတာ 104°C ရှိတယ်''

''အင်း…ငါလည်း ဘယ်လိုဖြစ်သွားမှန်းမသိဘူး''
ပိုး ခေါင်းကို ကိုင်နှိပ်ရင်း ပြောလိုက်၏။

''နေမကောင်းဘူးဆိုလည်း ငါ့ကိုဖုန်းဆက်လေဟယ်…
တော်သေးတယ် နင်နေမကောင်းတာ ဆရာမင်းသိသွားလို့…
နို့မို့ဆို ဒီအိမ်ထဲမှာ နင်အဖျားတက်ပြီး ဂန့်နေမှာ သေချာတယ်''

''ဆရာမင်း? သူသိသွားတယ်ဆိုတာ?''
ပိုး နားမလည် သလို ပြန်မေးလိုက်သည်။

''နင်နေမကောင်းဖြစ်တာ ဆရာမင်းဖုန်းဆက်လို့ ငါသိရတာ
နင့်ကိုတောင် ဆေးထိုးပေးသွားသေးတယ်…''

''ဟမ်…ဘာ…ဘာ…ဆေးထိုးတယ်…တင်ပါးလား…ဟင်?
ငါ့ ငါ့အင်္ကျီတွေ ဘယ်သူလဲထားပေးတာလဲ''

ဝတ်ထားသည့် အင်္ကျီတို့ကို သတိထားမိကာ…
ပူထူသွားခြင်းနှင့်အတူ ပါးပြင်တို့က နီရဲတက်လာပြန်၏။

''ငါ…ငါ…သွားပြီ…ရှက်လိုက်တာ…ဘယ်လိုလုပ်ရ…''

လက်နှစ်ဖက်နှင့် ကာလိုက်ရင်း…
''ခဏလေး…ခဏလေး…နင့်အဝတ်အစားကို
ငါလဲပေးထားတာ…
ပြီးတော့ တင်ပါးဆေးထိုးတာ ငါထိုးပေးတာ''

စံ ခပ်မြန်မြန် ပိတ်ပြောလိုက်သဖြင့်
ပိုး တိတ်သွားကာ မျက်လုံးလေး ကလယ်ကလယ်နှင့်
စံ့ ကို ကြည့်နေမိ၏။
ထိုအခါ စံက ဆက်ပြီး…

''ဆရာမင်းက ထိုးဖို့ဆေးတွေ ညွှန်းသွားတာ
ပြီးတော့…''

စံက ဆက်ပြောဖို့ ပိုးရဲ့ တံတောင်ကွေးနားက…
ဆလိုင်းပိုက်ကို မေးငေါ့ပြရင်း…

''နင့်ကို glucose သွင်းသွားပေးတာ''

ဘေးနားက တိုင်မှာ ချိတ်ထားသည့် glucose
ပုလင်းကို ပိုး ကြည့်လိုက်မိသည်။
မနက်ကတည်းက မိုးရေခံပြီး အိမ်ထဲဝင်လာတော့
နှာစေးတာက ချက်ချင်းဖြစ်၏။
Cetirizine (နှာစေးပျောက်ဆေး) ကို သောက်ကာ
ခဏအိပ်လိုက်မိသည်။
ဘယ်လို ကနေ ဘယ်လို ဖြစ်သွားသည် မသိ။
သတိရလာတော့ သူ ဖုန်းဆက်လာသည့် အချိန်ဖြစ်သည်။
ဘုရား ဘုရား…တစ်နေကုန် ဘာမှမစားရဘဲနေ လိုက်သည်မို့…
မူးလဲသွားရခြင်းဖြစ်သည်။
ထို့ကြောင့် ထိုglucose ကို သူ
ဆလိုင်းသွင်းသွားပေးခြင်းဖြစ်၏။

သူ ဘယ်တုန်းကများ လူကို ဂရုစိုက်တတ်သွားတာပါလိမ့်။
အတွေးနဲ့အတူ ပါးပြင်က ရဲတက်လာပြန်၏။
စောင်ကို ခေါင်းမြီးလုံအောင် ပိုး ဆွဲခြုံလိုက်သည်။
စောင်ထဲမှာ ပိုး တိတ်တိတ်လေး ပြုံးလိုက်မိသည်။

………>>>>>>>>>>>

အခန်း (၉) ဆက်ရန်…

စာမေးပွဲပြီးလို့ပြန်လာပါပြ😜
မတ်မတ်ပန်းချီ🌹